ဂွာဒီယိုလာ အတွက် အရေးအကြီးဆုံး ၅ ပွဲ

ပက် ဂွာဒီယိုလာ တယောက် သူ့ဘ၀ ရဲ့ အရေးအပါဆုံး ပွဲစဉ် ၅ ပွဲကို ဖြတ်သန်း ရတော့မှာပါ ။

အခုည ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် ပွဲကနေ ဇွန်လထဲမှာ ကစားရမယ့် ဖိုင်နယ်ပွဲတွေ အထိပေါ့ ။

 

မန်စီးတီး ရဲ့ ဖလား ၃ လုံး အိပ်မက် အတွက်တင် မဟုတ်ပါဘူး ။ ဂွာဒီယိုလာ ကိုယ်တိုင် အတွက်လည်း ဒီပွဲတွေက အရေးကြီးပါတယ် ။

လီယွန်နယ် မက်ဆီ မပါရင် ချန်ပီယံလိဂ် မရတော့ဘူးဆိုတဲ့ ပြောဆို ဝေဖန်သံတွေကို တိတ်စေဖို့

ပရီးမီးယားလိဂ် ရဲ့ ဒုတိယမြောက် ၃ နှစ်ဆက် ချန်ပီယံ နည်းပြ ဖြစ်လာဖို့

ဖလား ၃ လုံး အောင်ပွဲကို တကြိမ်ထက် ပိုပြီး ရယူနိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာဖို့

ချန်ပီယံလိဂ် ကို မတူညီတဲ့ ကလပ်တွေနဲ့ ရယူနိုင်တဲ့ နည်းပြ စာရင်းထဲကို ဝင်နိုင်ဖို့ စတာတွေဟာ မကြာခင် ကစားရတော့မယ့် ပွဲစဉ်တွေ အပေါ်မှာ လုံး၀ မူတည်နေပါတယ် ။

 

ဒီရည်မှန်းချက်တွေရဲ့ ပထမဆုံး ခြေလှမ်းကတော့ ရီးရဲမက်ဒရစ် နဲ့ စတင်ရမှာပါ ။

လက်ရှိ ဥရောပ ချန်ပီယံကို ဘာနေဗျူးကွင်းမှာ သရေ ကစားလာနိုင်တာကြောင့် မန်စီးတီး အပေါ် အလေးပေးမှုတွေ မြင့်တက်နေပါတယ် ။

ရီးရဲကို အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ခဲ့မယ် ဆိုရင်တော့ အင်တာမီလန် နဲ့ ရင်ဆိုင်ရမှာပါ ။

 

ရီးရဲ နဲ့ ပွဲအပြီး ၄ ရက်အကြာမှာ ချဲလ်ဆီး ကို စီးတီးတို့ အိမ်ကွင်းမှာ ဧည့်ခံရမှာပါ ။ ဒီပွဲနိုင်လိုက်တာနဲ့ အာဆင်နယ် လိုက်မမီတော့ပါဘူး ။ စီးတီး ပရီးမီးယားလိဂ် ၃ နှစ်ဆက် ချန်ပီယံ ဖြစ်လာတော့မှာပါ ။

အရင်တုန်းက မန်ချက်စတာ ယူနိုက်တက် တသင်းတည်း ရရှိထားတဲ့ မှတ်တမ်းကောင်းကို ခွဲေ၀ ပိုင်ဆိုင်ရတော့မှာပါ ။

 

တကယ်လို့ ချဲလ်ဆီးနဲ့ ပွဲမှာ လိုအပ်တဲ့ ၃ မှတ်မရခဲ့ဘူး ဆိုရင်တောင် ဘရိုက်တန် ၊ ဘရန့်ဖိုဒ့် နဲ့ ပွဲတွေ ကျန်ပါသေးတယ် ။ ဒီ ၃ ပွဲကနေ ၃ မှတ်ပဲ စီးတီး လိုအပ်တာပါ ။ ဘယ်ကနေ ရရ ၊ ဘယ်လို ပုံစံနဲ့ ရရ ဖြစ်ပါတယ် ။ ဒါဆိုရင် သူတို့ရဲ့ ပထမ ရည်မှန်းချက် ပြည့်မြောက်ပါပြီ ။

 

ဇွန်လ ၃ ရက်နေ့မှာ FA Cup ဗိုလ်လုပွဲ ရှိပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နဲ့ပါ ။

သူတို့ပဲ ရထားဖူးသေးတဲ့ ဖလား ၃ လုံး အောင်ပွဲကို လိုက်တုဖို့ နီးစပ် နေတဲ့ မန်စီးတီး ကို ယူနိုက်တက် တို့ ကိုယ်တိုင် တားဆီးရမှာပါ ။ စာရွက်ပေါ်မှာ ၅၀-၅၀ ဆိုပေမယ့် တကယ်တမ်း မှာ စီးတီး က အပြတ်အသတ် သာနေပြီးသားပါ ။ စီးတီး ပရိသတ်တွေ လုပ်ရမှာက မိနစ် ၉၀ ကို ဘယ်လို အချိန်ဖြုန်းရမလဲဆိုတာ စဉ်းစား ထားဖို့ပါပဲ ။

 

ချန်ပီယံလိဂ် ဖိုင်နယ် ကတော့ စိတ်ကူးကြည့်ဖို့ စောပါသေးတယ် ။ အခုည ပွဲကို နိုင်ဖို့က အရင်ဆုံး လိုအပ်တာပါ ။ တကယ်လို့ ရီးရဲကို နိုင်မယ် ၊ ပရီးမီးယားလိဂ် နဲ့ FA Cup လည်း ရလိုက်မယ်ဆိုရင်တော့ စီးတီး ရဲ့ ဖလား ၃ လုံး ဆာလောင်စိတ် ၊ ပက် ဂွာဒီယိုလာ ရဲ့ သက်သေပြလိုစိတ်တွေကို အင်တာမီလန်လည်း တားဆီးဖို့ စွမ်းနိုင်မယ် မထင်ပါဘူး ။

 

ဒီနှစ်တော့ မန်စီးတီး ရဲ့ နှစ် ၊ ပက် ဂွာဒီယိုလာ ရဲ့ နှစ် ဖြစ်လာမလား ဆိုတာ လာမယ့် ပွဲစဉ် ၅ ပွဲက အဆုံးအဖြတ် ပေးသွားတော့မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR