ဘရိုက်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး အာဆင်နယ် ကစားသမား ၂ ဦးကို ဝေဖန် လိုက်တဲ့ အီရန်ရိုက်

 

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီရန်ရိုက် က ဘရိုက်တန် အသင်းကို ၃ ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် ကစားသမား ၂ ဦးရဲ့ ဆုံးဖြတ်ချက် အမှားတွေ အပေါ် ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။ ဘရိုက်တန် အသင်းကို ၃ ဂိုး​ပြတ် ရှုံးနိမ့် ခဲ့ရတဲ့နောက် အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက် ဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းအတွက် ဒီရာသီ ဂိုးမသွင်းနိုင်တဲ့ တတိယမြောက် ပွဲ ဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးမရဘဲ ပထမဆုံး အကြိမ် ရှုံးနိမ့် ခဲ့တာပါ ။ ဘရိုက်တန် အသင်း ရရှိသွားတဲ့ဂိုးတွေဟာ အာဆင်နယ် အသင်း ကစားသမားတွေရဲ့ အားနည်းမှု ၊ ပေါ့ဆမှု ၊ အမှားအယွင်းတွေကနေ ပေးလိုက်ရတာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ အီရန်ရိုက် က အာဆင်နယ် နောက်ခံလူ ခီဝီယော နှင့် ထရောဆက်ဒ် တို့ကို ဝေဖန် သွားခဲ့ပါတယ် ။ ” ဘရိုက်တန် အသင်း ရဲ့ ပထမဂိုးမှာ ခီဝီယော က ရပ်တန့်ပီး မြေကြီးပေါ် လဲကျသွားတော့ သူ ဆက်မကစားနိုင်တော့ဘူး ထင်တယ်လို့ ကျနော် တွေးနေခဲ့တာပါ ။ ဒီလိုမျိုး ကျနော် တခါမှ မမြင်ခဲ့ဖူးပါဘူး ၊ ကျနော် သူ့အပေါ် လေးစားမှု အပြည့် ရှိပါတယ် ။ ”

” ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ ဆက်မကစားနိုင်ဘူးဆိုရင် ကွင်းထဲကနေ ထွက်ခွာ ရမှာပါ ။ သူ ဖိနပ်ကျွတ်သွားတာကို ကျနော် သိပါတယ် ၊ ဒါပေမယ့် သူ လုပ်ရမယ့် လူကပ်ကစားမှုကို ဆက်လုပ်ရမှာပါပဲ ၊ သူ လူကပ်မကစားထားတာကြောင့် ပြိုင်ဘက် က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွားခဲ့တာပါ ၊ ဒီလိုဂိုးမျိုးက ပေးကို မပေးလိုက်ရသင့်ပါဘူး ။ ”

” သူ မြက်ခင်းပေါ် လဲကျသွားတော့ ကျနော် အတော်လေး အံ့ဩ သွားခဲ့တာပါ ၊ သူ ဒဏ်ရာ ဆိုးဆိုးရွားရွား များ ရသွားတာလားပေါ့ ။ ဒုတိယဂိုးမှာလည်း ထရောဆက်ဒ် အနေနဲ့ ပွဲအခြေအနေ ကို အကဲဖြတ်တတ်ဖို့ လိုပါတယ် ၊ ပေးဖို့ ခက်တဲ့ နေရာကို သူ ပေးဖို့ လုပ်ခဲ့တာပါ ၊ တကယ်ဆို သူ့အနေနဲ့ ညာခြေထောက်နဲ့ ဘောလုံးကို ပြန်လှည့်ပီး တီယာနေး ကို ပေးလိုက်လို့ ရပါတယ် ။ ”

” သူ့ရဲ့ ဘယ်ခြေထောက် နဲ့ ပေးလို့ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး ၊ ဒီလိုပွဲမျိုးမှာ ဘောလုံး မှားပေးလို့ မရပါဘူး ၊ ဘောလုံး ဆုံးရှုံးလို့ မရပါဘူး ၊ ဒါပေမယ့် သူ မလုပ်သင့်တာကို လုပ်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SMI