ပီအက်စ်ဂျီ စတားကို အာဆင်နယ် မှာ မြင်ချင်တယ်လို့ ဖွင့်ဟလာတဲ့ ဂန်းနား ဂန္တဝင်

 

ဂန်းနား ဂန္တဝင် ကွင်းလယ်လူဟောင်း ဂီလ်ဘာတို ဆေးလ်ဗား က ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေမာ ကို အာဆင်နယ် အသင်း မှာ မြင်တွေ့ချင်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ် ။ နေမာ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် သက်တမ်း လေးနှစ် ကျန်ရှိ နေသေးပေမယ့် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေသူပါ ၊ ပီအက်စ်ဂျီ အသင်းဘက်ကလည်း နေမာ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာပါက ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပါတယ် ။

နေမာ ရဲ့ ဦးစားပေးလိဂ် ပြိုင်ပွဲဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ဖြစ်တယ်လို့လည်း သတင်းထွက်နေပီး မန်ယူနိုက်တက် ၊ ချဲလ်ဆီး နှင့် နယူးကာဆယ် တို့က စိတ်ဝင်စားမှု ရှိနေတယ်လို့လည်း သတင်းထွက် နေပါတယ် ။ ဂန်းနားဟောင်း ဂီလ်ဘာတို ဆေးလ်ဗား ကတော့ နေမာ နဲ့ ပတ်သက်ပြီး ” ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ပီအက်စ်ဂျီ မှာ ဖြစ်ပျက်ခဲ့တာတွေက နေမာ အတွက် အတော်လေး ထူးဆန်းနေမှာပါ ။ ”

” သူ့ရဲ့ အိမ်ထဲ ကို လူတွေ ဝင်ရောက် ဆန္ဒပြတဲ့မျိုး အထိ မြင်တွေ့ ခဲ့ရပါတယ် ၊ ဒီလို လုပ်တာမျိုးကို ကျနော် ကတော့ သဘော မတူပါဘူး ၊ ပရိသတ်တွေ အနေနဲ့ ကစားသမားရဲ့ အိမ်ထဲကို ဆန္ဒပြဖို့ အတွက် ဝင်လို့ မရပါဘူး ။ ”

” နေမာ ရဲ့ ကစားဟန် ကို ကျနော်ကတော့ သဘောကျပါတယ် ၊ နယူးကာဆယ် ထက်စာရင် အာဆင်နယ် အသင်းမှာ သူ့ကို မြင်ချင်ပါတယ် ။ ကစားသမား တစ်ဦး အနေနဲ့လည်း သူ့ကို သဘောကျပါတယ် ၊ သူ့မှာ ဘောလုံး နဲ့ ပတ်သက်ပြီး လုပ်နိုင်စွမ်းတွေ အများကြီး ရှိနေပါသေးတယ် ၊ သူ့ကို အာဆင်နယ် အသင်းမှာ အံဝင်အောင် ဘယ်လို လုပ်မလဲ ဆိုတာကတော့ အာတီတာ အတွက် ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပါလိမ့်မယ် ။ ”

” လူတိုင်း နေမာ ရဲ့ အရည်အသွေးကို သိကြပါတယ် ၊ သူ့ရဲ့ အရည်အသွေး နဲ့ ပတ်သက်ပြီး ကျနော် ပြောစရာတောင် မလိုပါဘူး ၊ ဒဏ်ရာ ပြဿနာ အချို့ကြောင့် သူ ခက်ခဲ ရုန်းကန် နေရပေမယ့် ဘယ်အသင်းကိုမဆို ကောင်းကောင်းအကျိုးပြု နိုင်စွမ်း ရှိတဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM