နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ ဆောက်သမ်တန် အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားခဲ့ရ ပါတယ် ။ စိန့် တို့ဟာ ဖူလ်ဟမ် အသင်းကို အရေးနိမ့် ခဲ့တာကြောင့် လက်ကျန် ၂ ပွဲမှာ အဆင့် ၁၇ နေရာကို တက်လှမ်းဖို့ အမှတ်မမီတော့ ပါဘူး ။

ဆောက်သမ်တန် လိုပဲ စိတ်ပျက်စရာ ရလဒ်ကို ပိုင်ဆိုင်ခဲ့ရတာကတော့ စပါးပါပဲ ။ တော့တင်ဟမ် ဟော့စပါး ဟာ အဝေးကွင်းမှာ အက်စတွန် ဗီလာ အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒီရလဒ် ဟာ သူတို့ရဲ့ ယဲ့ယဲ့ကျန်နေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို အပြီးသတ် ရိုက်ချိုးခဲ့ပြီး အဆင့် ၄ အိပ်မက်တွေ ပျက်ဆီး သွားခဲ့ရ ပါတယ် ။

တန်းဆင်းဇုန် ထဲက လိဒ် ကတော့ နယူးကာဆယ် ကို အိမ်ကွင်းမှာ ၁ မှတ်ရအောင် ကစားနိုင်ခဲ့ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ကလည်း ချဲလ်ဆီးကို သရေ ကစားကာ အဖိုးတန် ၁ မှတ်ကို ရယူနိုင်ခဲ့ပါတယ် ။

၂ ပွဲစလုံး ၂ ဂိုးစီ သရေတွေနဲ့ ပြီးဆုံးခဲ့ကြတာပါ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဝုဗ် ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ် ။

ဒီပွဲမှာ ဂိုးမပေး ခဲ့ရတာကြောင့် ယူနိုက်တက် ဂိုးသမား ဒဟဲယား ဟာ clean sheet ၁၆ ကြိမ် နဲ့ အခုရာသီ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ရယူပိုင်ဆိုင် သွားခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာလည်း ရသစုံခဲ့ပါတယ် ။

အင်တာမီလန် ဟာ အိမ်ကွင်းမှာ ဆာဆူအိုလို ကို ၄-၂ နဲ့ အနိုင်ယူခဲ့ပြီး လာဇီယို အမှတ်လျော့မှုကို အခွင့်ကောင်းယူကာ အဆင့် ၃ ကို တက်လှမ်းလာခဲ့ ပါတယ် ။

နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့တဲ့ လာဇီယိုကတော့ ဒီတပတ်မှာလည်း သရေကျခဲ့ပြီး အဆင့် ၄ ကို ရောက်လာခဲ့ရ ပါတယ် ။

လာဇီယို အတွက် ခံသာတာကတော့ အေစီမီလန် တို့ စပီဇီယာ ကို ၂-၀ နဲ့ ရှုံးနိမ့်ပြီး အဆင့် ၅ ကနေ လာဇီယို ကို ဖိအားပေးဖို့ ၄ မှတ်လိုအပ် နေသေးတာပဲ ဖြစ်ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန် ရော ဒေါ့မွန် ပါ ရာသီအပိတ် ခြေစွာနေကြပြီး ၂ သင်းစလုံး ဂိုးမြူးခဲ့ ကြပါတယ် ။

စပိန်လာလီဂါ မှာ ရီးရဲမက်ဒရစ် က ဂီတာဖေး အသင်းကို ၁-၀ နဲ အနိုင် ရခဲ့ပြီး မာကို အဆန်စီရို က သွင်းယူပေးခဲ့ပါတယ် ။

ဗီလာရီးရဲ ကလည်း ဘီဘာအို ကို ၅-၁ နဲ့ အနိုင်ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာ PSG က အဂျာစီယို ကို ၅-၀ နဲ့ နိုင်ခဲ့ပြီး အမ်ဘာပေ က ၂ ဂိုး သွင်းခဲ့ပါတယ် ။

ဒီနေ့ ပွဲမှာ အသင်းနဲ့ ပြန်ကစားခွင့် ရခဲ့တဲ့ မက်ဆီ ကိုတော့ ပြင်သစ် ပရိသတ်တွေက လှောင်ပြောင် အော်ဟစ် ခဲ့ကြပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ဟာ ဒဏ်ရာ ရရှိခဲ့တာကြောင့် မနေ့ညက ပွဲကို လွဲချော်ခဲ့တယ်လို့ နည်းပြ လမ်းပတ်က အတည်ပြု ပြောဆိုခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ စပါး နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနို ကို လာမယ့် ရာသီကစပြီး နည်းပြသစ် အဖြစ် ခန့်အပ်ဖို့လည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

ပိုချက်တီနို ဟာ နွေရာသီ အပြောင်းအရွှေ့ အတွက် ဒီကလန် ရိုက်စ် ၊ လူတာရို မာတီနက် အပါအဝင် ကစားသမား ၄ ယောက် ကို စာရင်းပေး တောင်းဆိုထားတယ်လို့လည်း သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

ဂီတာဖေး အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ ရီးရဲ ကွင်းလယ် ကစားသမားလေး အက်ဒွာဒို ကာမာဗင်ဂါ ဟာ မန်စီးတီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်ကို ပါဝင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနေ ပါတယ်လို့ နည်းပြ အန်ဆယ်လော့တီ က ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

ရာသီကုန်အထိ အနားယူရမယ်လို့ သတင်းထွက် ခဲ့တဲ့ အာဆင်နယ် နောက်ခံလူ ဇင်ချန်ကို ဟာ အသင်းမှာ ပြန်လည် လေ့ကျင့်ခန်း ပြုလုပ် နေနိုင်ပြီလို့လည်း ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကို တန်းပြန်တက်လာမယ့် ဘန်လေ အသင်းဟာ စီးရီးအေ ကလပ် တိုရီနို ရဲ့ စွယ်စုံရ တိုက်စစ်သမား ယန် ကာရာမို့ ကို နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR