ပိုချက်တီနိုဟာ ချဲလ်ဆီးနဲ့ သင့်လျော်တဲ့ နည်းပြသစ် ဖြစ်မဖြစ် သုံးသပ်သွားတဲ့ ဒက်ဆယ်လီ

ချဲလ်ဆီး အသင်းဟာ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို နည်းပြသစ် တာဝန်ပေးအပ်ဖို့ လုပ်ဆောင်နေရာ ၊ ဆွေးနွေးမှုအဆင့် နောက်ဆုံး အခြေအနေ ရောက်နေပြီ ဖြစ်တာကြောင့် လာမယ့် ရက်အနည်းငယ် အတွင်း တရားဝင် အကောင်အထည် ပေါ်လာမယ်လို့ ယူဆရပါတယ် ။

ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်တို့ကို ဆုဖလား မဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ၊ တတ်နိုင်သလောက် အမြင့်ဆုံး တွန်းတင် ပေးခဲ့သလို ၊ ထိပ်တန်း ကစားသမားကောင်း အများအပြား လမ်းကြောင်းပြသပေးနိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီမှာတော့ player power အောက်မှာ ကိုယ်ပိုင် နည်းစနစ်တွေကို အသက်မသွင်းနိုင်ခဲ့ပေမယ့် ၊ ပိုချက် တယောက် နည်းပြ ဘဝရဲ့ ပထမဆုံး ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ခံစစ်မှူးဟောင်း မာဆယ် ဒက်ဆယ်လီက ပီအက်စ်ဂျီမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကြောင့် ယင်းအာဂျင်တိုင်းသား အပေါ် မေးခွန်းထုတ်စရာ အနည်းငယ် ရှိသည့်တိုင် ၊ ၄င်းရဲ့ အသင်းဟောင်းဟာ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် ပိုချက်တီနိုဟာ မှန်ကန်သင့်လျော်တဲ့ နည်းပြ ဖြစ်နိုင်ကြောင်း သုံးသပ်သွားပါတယ် ။

London Wall နဲ့ တွေ့ဆုံခဲ့ရာမှာ ဒက်ဆယ်လီ က ” ပိုချက်တီနိုဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တခု ဖြစ်နိုင်ပါတယ် ။ သူဟာ ကစားသမားတွေဆီက ချစ်ခြင်းမေတ္တာကို အချိန်တိုင်း ရနေတာပါ ။ သူဟာ ယုံကြည်မှုနဲ့ နားလည်မှု စွမ်းရည် အမြင့်မားဆုံး အဆင့် ပိုင်ဆိုင်ထားပါတယ် ။ ”

Paris Saint-Germain’s Argentinian head coach Mauricio Pochettino reacts during the French L1 football match between Paris-Saint Germain (PSG) and Lens (RCL) at The Parc des Princes Stadium in Paris on April 23, 2022. (Photo by Alain JOCARD / AFP) (Photo by ALAIN JOCARD/AFP via Getty Images)

” ဒါပေမယ့် တချိန်တည်းမှာ ပီအက်စ်ဂျီမှာ တူညီတဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရတာကို သူ သဘောပေါက်ထားပါတယ် ။ ထိပ်တန်းအဆင့် ကစားသမားတွေကို ကိုင်တွယ်တာက သူ့အတွက် ခက်ခဲတဲ့ အလုပ် တခု ဖြစ်ပါတယ် ။ သူဟာ ပီအက်စ်ဂျီမှာ အဲဒီ ပြဿနာမျိုး ကြုံခဲ့ပါတယ် ။ ”

” ဒါပေမယ့် ချဲလ်ဆီးက အခုအချိန်မှာ ပြန်လည် တည်ဆောက်မှာဆိုတော့ ၊ အနိုင်လိုချင်စိတ် ပြန်ဖန်တီးရပါမယ် ။ ဒီတော့ သူက သင့်လျော်မှန်ကန်တဲ့ နည်းပြ ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဒက်ဆယ်လီက အသင်းဟောင်း နွံနစ်နေချိန်မှာ ပြန်လာကူပေးတဲ့ ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ် အပေါ် အခုလို မှတ်ချက်ပေးသွားပါတယ် ။

ဒက်ဆယ်လီ က ” သူ့အတွက်က ဒါဟာ ပထမတကြိမ် အထုတ်ခံခဲ့ရတုန်းက ဆုံးရှုံးခဲ့တဲ့ ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ အခွင့်အရေး တရပ် ဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ သူ့အဖို့ ပြန်လာကူညီပေးရလောက်အောင် အထိ ဖြစ်ရတဲ့ တသင်းတည်းသော ကလပ် ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် သူဟာ အစကတည်းက ချဲလ်ဆီးဟာ သူ့ကလပ် ဖြစ်ကြောင်း ၊ သူ့ရဲ့ အရာရာ ဖြစ်ကြောင်း ၊ သူ ဒီကို ကူညီပေးဖို့ လာတာဖြစ်ကြောင်း ပြောခဲ့ပြီးသားပါ ။ ဒီလို ပွဲဆက်ရှုံးထားတဲ့ မှတ်တမ်းမျိုး သူကိုယ်တိုင်လည်း ဘယ်တော့မှ မျှော်မှန်းခဲ့မှာ မဟုတ်ပါဘူး ။ ”

” နိုင်ပွဲ ပြန်ရှာမတွေ့ခင် အချိန်အထိ သူ့ရဲ့ အစဟာ လုံးဝ ဆိုးရွားခဲ့ပါတယ် ။ အဲဒီနောက် နောက်ရာသီ ဒီမှာ ဆက်မရှိတော့မှာ သိတဲ့အချိန်မှ သူဟာ ကစားသမားတွေဆီက ယုံကြည်မှုကို ပြန်ရလာပါတယ် ။ ကျွန်တော်တို့ သူ့ကို ကျေးဇူးတင်ရပါမယ် ။ ဘာလို့လဲဆိုတော့ သူဟာ ပြီးခဲ့တဲ့ အဲဗာတန်က ဆိုးရွားတဲ့ အတွေ့အကြုံ အပြီး သူ့ရဲ့ ပုံရိပ်တွေ ပြန်မြှင့်တင်ပြီး ၊ အသိပညာတွေ ၊ နည်းစနစ်တွေ ပြန်လည် ဝေမျှပေးနိုင်ခဲ့လို့ပါ ။ ”

” ဒါက သူ့ရဲ့ ရွေးချယ်မှုပါ ။ ကျွန်တော့ ရွေးချယ်မှုသာဆိုရင်တော့ ကျွန်တော်ဟာ ကိုယ်မပိုင်တော့တဲ့ နေရာ တခုဆီ ပြန်လာဖို့ ဘယ်တော့မှ ပြောမိမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အဆုံးမှာ ဒါက ခင်ဗျား အတွက် မဟုတ်ဘူး ဆိုတာ သဘောပေါက်လာပါလိမ့်မယ် ။ ခင်ဗျားရဲ့ ဝိညာဉ် ၊ မှော်အစွမ်းက ပုံမှန်လို အလုပ်မဖြစ်တော့ပါဘူး ။ ပုံမှန်ဆို ခင်ဗျား ပြန်မလာသင့်ပါဘူး ။ ဒါပေမယ့် သူ ပြန်လာခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR