ယနေ့ည ဖောရက်စ်နဲ့ ပွဲမှာ အကယ်ဒမီ လူငယ် တဦး နေရာ ရနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာတဲ့ လမ်းပတ်

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ တန်းမဆင်းဖို့ ကြိုးစားနေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားဖို့ ရှိရာ ၊ ဒီပွဲအတွက် ခြင်္သေ့ပြာတို့ဟာ အစွန် နောက်ခံလူ မလောက်ငှတဲ့ ပြဿနာ ကြုံတွေ့နေရပါတယ် ။

ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ထပ်နာခဲ့တာကြောင့် အခုအခါ ချဲလ်ဆီးမှာ အစွန် နောက်တန်း ၂နေရာ အတွက် ဒေါင်ဒေါင်မြည် ကစားပေးနိုင်သူဆိုလို့ ကလပ် အသင်းခေါင်းဆောင် ဝါရင့် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ တဦးသာ ကျန်ပါတော့တယ် ။

နောက်ဆုံး လက်ကျန် ၄ပွဲမှာ ဘယ် ၊ ညာအစွန်နောက်ခံလူ ၂နေရာမှာ အကျဖက် ရောက်တဲ့ အက်ဇ်ပီ ၊ သဘာဝ ညာနောက်ခံလူ မဟုတ်တဲ့ ထရက်ဗာ ချာလိုဘာတို့ကို ဆက်တိုက် သုံးမယ်ဆိုရင် ချဲလ်ဆီး ခံစစ်က ပိုပြီး လုံခြုံမှု ရှိတော့မှာ မဟုတ်ပါဘူး ။ ဒီအတွက်ကြောင့် အကယ်ဒမီ လူငယ် နောက်ခံလူ လူးဝစ်ဟောလ်ကို အရေးပေါ်ခေါ်ထားရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ် က ယနေ့ည ဖောရက်စ်နဲ့ ပွဲမှာ ဟောလ်ကို ထည့်သုံးနိုင်ခြေ ရှိကြောင်း ဖွင့်ဟရင်း ၊ ရှေ့တပတ်မှာတုန်းက ဘာကြောင့် ယင်း အင်္ဂလန် ယူ၂၀ စတားကို လူစားဝင်ခွင့် မပေးခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းပြခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ လူးဝစ်မှာ မနက်ဖြန်ပွဲ အတွက် အခွင့်အရေး ရှိပါတယ် ။ ပြီးခဲ့တဲ့ အပတ်က သူ့ကို သုံးမလို့ပဲလို့ ကျွန်တော် ပြောရပါမယ် ။ ဒါပေမယ့် ပွဲရဲ့ အနေအထား အရ အက်ဇ်ပီရဲ့ အတွေ့အကြုံက အဲဒီအခိုက်အတန့်မှာ ပိုပြီး လိုက်ဖက်မှု ရှိတယ်လို့ ကျွန်တော် ခံစားခဲ့မိလို့ပါ ။ ”

” မနက်ဖြန်ပွဲကိုလည်း ကျွန်တော် လျှော့တွက်စဉ်းစားမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် လူးဝစ်ဟာ ကျွန်တော့ကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ အထင်ကြီးစေပါတယ် ။ သူဟာ အရမ်းတော်တဲ့ ကစားသမား တဦး ၊ အမှန်တကယ် အရည်အချင်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပါတယ် ။ ”

” သူနဲ့ ပတ်သက်ပြီး ပြောစရာဆိုလို့ အခုထက် နည်းနည်းလေး ပိုပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်အောင် လုပ်ဆောင်ဖို့ လိုတာလေးပဲ ရှိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ သူ့ကိုယ်သူ ဘယ်လောက်တော်သလဲ ဆိုတာ ယုံကြည်သင့်ပြီး ၊ ဒီအစုအဖွဲ့မှာ နေရတာ သူ့အတွက် နေအိမ်သဖွယ် ခံစားနေရလို့ပါ ။ ”

” ကျွန်တော် သူ ကစားထားသလောက် ကြည့်ရတာတော့ သူ ဒီလိုမျိုး ခံစားနေရမယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူ ဒီထက် ပိုငယ်ခဲ့တုန်းက သူနဲ့ အတူ ကျွန်တော် အလုပ်မလုပ်ခဲ့ရပါဘူး ။ ဒီတော့ အခုထက်ထိ သူ ကစားတာကို အဝေးကပဲ ကြည့်ဖူးထားပြီး ၊ ဒီအချိန်အထိ သူဟာ ကျွန်တော့ကို အထင်ကြီးအောင် လုပ်ပြထားပါတယ် ။ ”

” သူဟာ ဘယ်တော့မှ ရှိန်သွားတာမျိုး မရှိပါဘူး ။ နောက်ဆုံး လက်ကျန် ၄ပွဲမှာ သူ့အတွက် ကစားခွင့်တွေ ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လူးဝစ်ဟောလ်ဟာ မကြာခင်မှာ စတင်တော့မယ့် ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အင်္ဂလန် ယူ ၂၀ အသင်းမှာ အရွေးခံခဲ့ရပေမယ့် ၊ ချဲလ်ဆီးဖက်က ၄င်းကို စေလွှတ်ခဲ့ခြင်း မရှိပါဘူး ။

ဒါနဲ့ ပတ်သက်ပြီး လမ်းပတ် က ” သူ့ကို ကမ္ဘာ့ဖလားဆီ မလွှတ်ဖို့ ပြောခဲ့တာက ကျွန်တော့ရဲ့ ဆုံးဖြတ်ချက်ပါ ။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်တော်တို့နဲ့ အတူ လက်ကျန် ၄ပွဲဆက် ရှိနေဖို့ လိုတာကြောင့်ပါ ။ ကျွန်တော်တို့ရဲ့ ဘယ်နောက်ခံလူတွေ ဒဏ်ရာ ပြဿနာ ကိုယ်စီ ရှိနေတာကြောင့် လူးဝစ်ကို အဲဒီနေရာမှာ အစားထိုးဖို့ လိုအပ်ပါတယ် ။ ”

” သူကတော့ ဒီဆုံးဖြတ်ချက်ကို ကြားကြားချင်း မျက်နှာတည်တည်နဲ့ ဒီအတိုင်းပဲ ခံယူခဲ့ပါတယ် ။ သူဟာ ကိုယ့်နိုင်ငံ အတွက် ကိုယ်စားပြု ကစားချင်ပြီး ၊ အဲဒီအတွက်လည်း ဂုဏ်ယူရမှာ ဖြစ်တာကြောင့် ဒါက ကောင်းတဲ့ အရာ တခုပါ ။ ပုံမှန်ပဲလို့ ဆိုကောင်းဆိုနိုင်ပေမယ့် ဒါက ကောင်းတဲ့ အရာပါပဲ ။ ”

” ဒါပေမယ့် သူဟာ ဒီအကယ်ဒမီက ပေါက်ဖွားလာတာ ဖြစ်လို့ စီနီယာအသင်းအတွက် ကစားခွင့်ကို အင်မတန်မှ လိုချင်ပါလိမ့်မယ် ။ အဲလို ခံစားချက်မျိုး သူ့ဆီကနေ ကျွန်တော် ရမိပါတယ် ။ ဒီတော့ သူဟာ ၂ဦး၂ဖက်လုံး အတွက် မှန်ကန်တဲ့ လုပ်ရပ် တခု လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” အင်္ဂလန် အတွက် ကစားရရင်လည်း သူ သေချာပေါက် ပျော်ရွှင်နေမှာပါ ။ အခုတော့ သူဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး လက်ကျန်ပွဲတွေမှာ ပါဝင်ကစားခွင့် ရဖို့အတွက် ပျော်ရွှင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR