ချန်ပီယံလိဂ်ဝင်ခွင့် မရရင်လည်း လီဗာပူးဟာ ပစ်မှတ်တွေကို ဆွဲဆောင်နိုင်စွမ်းရှိနေဆဲလို့ အခိုင်အမာ ဆိုလိုက်တဲ့ ယာဂန်ကလော့

 

ယာဂန်ကလော့က လီဗာပူး အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ဘူးဆိုရင်လည်း သူတို့ရဲ့ အပြောင်းအရွေ့ပစ်မှတ်တွေကို ဆွဲဆောင်ဖို့ ကြိုးစားရာမှာ ပြသနာ ရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ် ။ လီဗာပူးဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ တစ်မှတ်အကွာမှာ ရှိနေပေမယ့် အဲရစ်တန်းဟတ်ရဲ့ အသင်းက တစ်ပွဲလျော့ ကစားထားပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိထားခဲ့တာကြောင့် ဒီိရာသီကို ကောင်းစွာ အဆုံးသတ်နိုင်မယ့်ပုံ ဖြစ်နေပါတယ်။ လီဗာပူးဟာ နွေရာသီမှာ ကွင်းလယ်ပိုင်းကို အကြီးအကြယ် ပြုပြင်သွားဖို့ ရှိနေပြီး ဘရိုက်တန်ရဲ့ မက်အလစ္စတာ ၊ စပို့တင်းရဲ့ အူဂါတီ ၊ ဘိုင်ယန်မြူးနစ်ရဲ့ ဂရာဗန်ဘတ်ခ်ျ နဲ့ ချဲလ်ဆီးရဲ့ မေဆင်မောင့် အစရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။

ယာဂန်ကလော့က လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ဘူးဆိုရင်လည်း နွေရာသီမှာ ကစားသမားတွေ ယှဉ်ပြိုင်ခေါ်ယူတဲ့ နေရာမှာ ပြသနာ မရှိနိုင်ဘူးလို့ ယုံကြည်နေပါတယ်။

ယာဂန်ကလော့က “ကစားသမားတစ်ဦးကို ကျနော် စကားပြောတဲ့အခါမှာ…ကျနော့်ကို ကစားသမားနဲ့ စကားပြောဆိုခွင့်ပြုတဲ့ အခါမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်ပြီး ပြောဆိုရတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် စကားပြောဆိုတဲ့ အခိုက်အတန့်မှာ ဒီကစားသမားဟာ ကျနော်တို့ အသင်းကို စိတ်ဝင်စားမှု ရှိလား မရှိသလားဆိုတာ သိနိုင်ပါတယ်။

ဒီကိစ္စဟာ ရှင်းရှင်းလေးပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ လာမည့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သေချာပေါက် ကစားရလိမ့်မယ်ဆိုပြီး ဘယ်သူ့ကိုမှ ပြောနိုင်တဲ့ အနေအထားလည်း မရှိပါဘူး။ ကစားသမားဟာ ကျနော်တို့နဲ့ စကားပြောတဲ့အခါမှာ ကျနော်တို့ရဲ့ လက်ရှိ အခြေအနေကို သူသိထားပြီး ဖြစ်ပါတယ်။

ကစားသမားတစ်ဦး အနေနဲ့ ကလပ်တစ်ခုကို ပြောင်းချင်တယ်ဆိုတာ ဒီကလပ်နဲ့အတူ ရည်မှန်ချက်တွေ အတွက် အတူ တိုက်ပွဲဝင်သွားမယ် ဆိုတာပဲ ဖြစ်ရမှာပါ။ အရင် ဖန်တီးထားခဲ့တဲ့ဟာကို မျှောလိုက်ချင်တာမျိုးကို မလိုချင်ပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် ဆုဖလားတွေ ရဖို့အတွက်ပဲ တိုက်ပွဲဝင်သွားရမှာပါ။ ဒါမျိုးရဲ့ အစိတ်အပိုင်း ဖြစ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ဘက်က Welcome ပါပဲ။

ကျနော်တို့ဟာ လာမည့်ရာသီမှာ ချန်ပီယံလိဂ် football နဲ့ပက်သက်ပြီးပဲ အာမမခံနိုင်တာပါ။ ကျန်တာအားလုံးကတော့ တူတူပါပဲ။ ဒါဟာ အရမ်း အရမ်းကောင်းတဲ့ကလပ်ပါ။ လာမည့်ရာသီမှာ ပိုပြီးတော့တောင် ကောင်းမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့် ရမှ ပြောင်းလာချင်တယ်ဆိုတဲ့ အခြေအနေမျိူးကို ကျနော် သိပ်ပြီး မရင်ဆိုင်ဖူးပါဘူး။

ကျနော်တို့ဟာ လီဗာပူး အသင်းပါ။ ကျနော်တို့ ကစားသမား အများအပြားကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကို မေ့မထားသင့်ပါဘူး။ ဒါ့ကြောင့် ဒီအချက်နဲ့ ပက်သက်ပြီး ကျနော် သိပ်စိတ်မပူတာပါ။ အမှန်ပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တော့ ပြသနာလေးတွေတော့ ရှိပါတယ်။ အထူးသဖြင့် ကာလရှည်ပေါ့။ ခ‌ဏခဏတော့ မလွဲချော်သင့်ဘူးပေါ့ဗျာ။ ဒါကလွဲပြီး ကစားသမားကို စကားပြောတဲ့နေရာမှာကော စည်းရုံးတဲ့နေရာမှာပါ အားလုံး အိုကေပါတယ်။” လို့ ဆိုလိုက်ပါတယ်။