ဒဏ်ရာကြောင့် လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့တဲ့ ရိစ်ဂျိမ်းစ် ၊ ပွဲပယ်ထိတဲ့ လုခ်ရှော နေရာ ဝင်ကစားမယ့် ဘန်ချေဝဲလ်တို့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးသွားတဲ့ ဆောက်ဂိတ်

ချဲလ်ဆီး အသင်းရဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ မနေ့ကပဲ တံကောက်ကြော ဒဏ်ရာ အသေးစားကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ကာ ၊ ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာသို့ ဒဏ်ရာ အခြေအနေ စစ်ဆေးဖို့ ပြန်ရောက်ခဲ့ကြောင်း ကလပ်နဲ့ နိုင်ငံ အသင်းတွေဖက်က တရားဝင် အတည်ပြုခဲ့ပါတယ် ။

ယနေ့ညမှာ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု ဒုတိယမြောက် ပွဲစဉ် အဖြစ် ယူကရိန်း အသင်းကို ဝင်ဘလေကွင်းမှာ ဧည့်ခံကစားဖို့ ရှိနေပါတယ် ။ အုပ်စု အဖွင့်ပွဲမှာ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ယူရိုဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးခဲ့တဲ့ အီတလီကို ၁ – ၂ ရလဒ်နဲ့ နိုင်ထားပါတယ် ။

ထိုပွဲမှာ ရိစ်ဂျိမ်းစ်ဟာ အင်္ဂလန်ဖက်က တယောက်လျော့နေချိန် ခံစစ် အတွက် အားဖြည့်တဲ့ အနေနဲ့ လူစားဝင်ခွင့် ရခဲ့ပါတယ် ။

ဒဏ်ရာ ပြဿနာသာ မရှိရင် ယနေ့ညပွဲမှာ ပွဲထွက်ခွင့် ရနိုင်တဲ့ ရိစ်ဂျိမ်းစ်ရဲ့ နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်ကာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်က မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ရှင်းလင်းခဲ့ပါတယ် ။

ဆောက်ဂိတ် က ” ရိစ်ဟာ ချဲလ်ဆီးကို ပြန်သွားပါပြီ ။ သူဟာ ကိုယ့်ခြေထောက် လှုပ်ရှားပုံနဲ့ ပတ်သက်ပြီး အပြည့်အဝ မပျော်ရွှင်နေခဲ့ပါဘူး ။ ဒီအပေါ် သူ အနည်းငယ် စိုးရိမ်နေခဲ့တာ ဒီအပတ် အစောပိုင်း ရက်တွေကတည်းကပါ ။ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပြီးနောက် ထပ်ရတဲ့ ဒဏ်ရာ တခုကြောင့် သူ အရင်ကထက် ပိုပြီး ဂရုတစိုက် ရှိလာပါတယ် ။ ”

” ဒီအတွက် အချိန် လိုပါမယ် ။ ပြင်းထန်တဲ့ ဒဏ်ရာ ရပြီးတဲ့နောက် အသေးစား ဒဏ်ရာလေးတွေ နောက်ဆက်တွဲ ထပ်ရတာက ပုံမှန်မဟုတ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ။ ရိစ်ဟာ အခုတခါမှာတော့ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားကို ပိုပြီး တောင့်တင်းအောင် တည်ဆောက်ချင်တာနဲ့ သက်တောင့်သက်သာ ရှိချင်တာလေးပါပဲ ။ ”

” ကလပ်ဖက်ကလည်း သူ့ကို အသုံးပြုဖို့ လိုအပ်နေတာကြောင့် ကျွန်တော်တို့ဟာ သူ့ကို နောက်ထပ် အကြီးစား ဒဏ်ရာ တခုနဲ့ ထပ်မတွေ့စေဖို့ နည်းနည်းပိုပြီး ဂရုစိုက်နေရပါတယ် ။ သူဟာ အမှန်တကယ်တော်တဲ့ ကစားသမား တဦး ဖြစ်ပြီး ၊ သူ့မှာ ကိုယ့်ဖြစ်ချင်တဲ့ အရာတိုင်း အတွက် လိုအပ်တဲ့ အရည်အသွေး အားလုံး ရှိနေပါတယ် ။ ”

” ဒီဒဏ်ရာက ကာလတိုသာ ရှိနေမယ့် အရာ ဖြစ်ပြီး ၊ ခပ်မြန်မြန်ပဲ သူ ဒီဒဏ်ရာပြဿနာကနေ ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ အီတလီနဲ့ ပွဲကနေ ၂ဝါတနီ ထိလို့ တပွဲပယ်ခံထားရတဲ့ အင်္ဂလန် ပထမ ဦးစားပေး ဘယ်နောက်ခံလူ လုခ်ရှော နေရာမှာ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ယနေ့ည ပွဲအတွက် ပွဲထွက်ကစားပေးဖို့ ရှိနေပါတယ် ။

ချေဝဲလ်ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆောက်ဂိတ် က ” ဟုတ်ပါတယ် ။ သူ မနက်ဖြန်ပွဲ အတွက် အသင့်ဖြစ်နေပါပြီ ။ ဒီအပေါ် သံသယဖြစ်စရာ လုံးဝမရှိပါဘူး ။ ကျွန်တော်တို့ဟာ သူ့ရဲ့ အရည်အသွေးတွေကို လုခ်ရှော ၊ ကီရန် ထရစ်ပီယာတို့နဲ့ နှိုင်းယှဉ်တဲ့အခါ သတိချပ်မိဖို့ လိုပါမယ် ။ ဥပမာ ပြောရရင် သူဟာ တိုက်စစ်ရဲ့ ၃ပုံတပုံနေရာ အထိ တက်ကစားတာ အရမ်းတော်ပါတယ် ။ ”

” သူဟာ တိုက်စစ် နေရာ ခပ်မြင့်မြင့် ကစားရတာ ကြိုက်ပါတယ် ။ သူဟာ wing-back နေရာမှာ ကစားလေ့ရှိတာကြောင့် ကျွန်တော်တို့ အနေနဲ့ ၄ယောက်တန်း ခံစစ် ကစားတဲ့အခါ သူ့အတွက် လိုက်လျောညီထွေ ဖြစ်စေမယ့် အရာ အချို့ စီစဉ်ပေးဖို့ လိုပါမယ် ။ ဒါဟာ ကွဲပြားတဲ့ အခန်းကဏ္ဍ တရပ် ဖြစ်ပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်း အရပေါ့ ။ ”

” ဒါပေမယ့် သူဟာ ရုပ်ပိုင်းဆိုင်ရာအရ တကယ်ကောင်းတဲ့ ပုံစံ တရပ်မှာ ရှိနေပြီး ၊ မနက်ဖြန်ပွဲကို ဆင်နွှဲဖို့ အသင့်ဖြစ်နေပါတယ် ။ သူ့မှာ ဒဏ်ရာ အထိအခိုက် ပြန်ပြန်ရတဲ့ အခိုက်အတန့် ၁ခု ၊ ၂ခု ရှိခဲ့ပေမယ့် သူဟာ အားကစားသမားကောင်း တယောက် ဖြစ်လို့ ဒါက သူ့ရဲ့ ကြံ့ခိုင်မှု တိုးတက်ကောင်းမွန်ဖို့ကို အထောက်အကူ သေချာပေါက် ပေးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR