အာဆင်နယ် နှင့် မန်ယူနိုက်တက် တို့ရဲ့ ပစ်မှတ် မတ်စ်ဂေယီ အတွက် ပဲလေစ့် ရဲ့ သတ်မှတ် တန်ကြေး ထွက်ပေါ်လာ

ခရစ္စတယ်ပဲလေစ့် အသင်းဟာ အာဆင်နယ် နှင့် မန်ချက်စတာ ယူနိုက်တက် အသင်း တို့ စိတ်ဝင်စားနေကြတဲ့ သူတို့ရဲ့ နောက်ခံလူ မတ်စ်ဂေယီ ကို ဒီနွေရာသီမှာ ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပေမယ့် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ရမှသာလျှင် ရောင်းထုတ်မှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂေယီ ဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီး အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရာသီမှာရော ဒီရာသီမှာပါ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကို ပြသ နိုင်တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရတာပါ ။

ဂေယီ ဟာ ခံစစ်ပိုင်းအရည်အသွေးကောင်းမွန်ရုံသာမက ဘောလုံး ကိုင်ကစား နိုင်စွမ်း ၊ အသင်းကို ဦးဆောင် နိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ် ။ သူ့ရဲ့ အရည်အသွေးကောင်းတွေကြောင့် မနှစ်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းမှာလည်း ရွေးချယ် ခံခဲ့ရပါတယ် ၊ ဒါပေမယ့် တစ်ပွဲမှတော့ ကစားခဲ့ရခြင်း မရှိပါဘူး ။

ပရီးမီးယားလိဂ် အသင်းကြီးတွေဟာ လာမယ့် နွေရာသီမှာ ခံစစ် ကို အင်အား ဖြည့်တင်းဖို့ ရည်မှန်း ထားကြရာ ဂေယီ က အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။ Daily Mail ကတော့ ပဲလေစ့် အသင်းဟာ ဂေယီ ကို ထွက်ခွာခွင့်ပြုဖို့ တွန့်ဆုတ် နေနိုင်ပေမယ့် ကမ်းလှမ်းမှုတွေကိုတော့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ပဲလေစ့် အသင်းဟာ အသင်း နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ရှိနေသေးတဲ့ ဂေယီ ကို ဈေးသက်သက်သာသာ နဲ့တော့ ထွက်ခွာခွင့် ပြုသွားမှာ မဟုတ်ပါဘူး ၊ ဒါ့အပြင် ရလာတဲ့ ပြောင်းရွှေကြေး ရဲ့ ၂၀% ကို ချဲလ်ဆီး အသင်းထံ ပေးရမှာ ဖြစ်တာကြောင့် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ တောင်းဆို သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒီပမာဏ ဟာ ဝမ်ဘစ်ဆာကာ ကို မန်ယူနိုက်တက် ထံ ရောင်းချစဉ်တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ထက် ပိုများပြီး အပြောင်းရွှေ့အမှန်တကယ် ဖြစ်မြောက်လာပါက ပဲလေစ့် အသင်း ရဲ့ကလပ်စံချိန်တင် ကစားသမား ရောင်းချမှု ဖြစ်လာမှာပါ ။

SM