ဘရိုက်တန် အသင်း နည်းပြ ဒီဇာဘီ က အဲဗာတန် အသင်း ကို ၁-၅ နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးတွင် လာမယ့်ပွဲကျရင်ဘရိုက်တန် အစစ်အမှန် ကို ပြန်မြင်တွေ့ရမှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဘရိုက်တန် အသင်းဟာ လာမယ့် ပွဲမှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။
ဒီရာသီ မှာ ဥရောပ ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်နေတဲ့ ဘရိုက်တန် အသင်းဟာ မနေ့က ပွဲမှာ တန်းဆင်းဇုန်ထဲက အဲဗာတန် အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့ အမှတ်မထင် ဂိုးပြတ် အရေးနိမ့် သွားခဲ့ပါတယ် ။ ပထမပိုင်း အပြီး နှင့် ပွဲအပြီးမှာ ဘရိုက်တန် ပရိသတ်တွေဟာ အသင်း ရဲ့ ကစားပုံကို အော်ဟစ် လှောင်ပြောင် ခဲ့ကြပါတယ် ။
ဘရိုက်တန် အသင်း နည်းပြ ဒီဇာဘီ ကတော့ အာဆင်နယ် အသင်း နဲ့ ပွဲမှာ သူတို့ ပိုမို တိုးတက် ကောင်းမွန်တဲ့ ပုံစံ နဲ့ ပြန်လာမှာ ဖြစ်ကြောင်း ပရိသတ်တွေကို ကတိပေး စကားဆို သွားခဲ့ပါတယ် ။ ” ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အကြောင်း ရှင်းပြဖို့ ခက်ခဲပါတယ် ။ တကယ့်ကို ပုံမှန် မဟုတ်တဲ့ ကစားပွဲတစ်ခုပါပဲ ၊ ပွဲစပြီး စက္ကန့် ၃၀ အကြာမှာတင် ဂိုးပေးလိုက်ရတာပါ ။ ”
” ဒါက ဘရိုက်တန် အသင်း အစစ်အမှန် မဟုတ်ပါဘူး ၊ တကယ့်ကို ဆိုးရွားတဲ့ နေ့တစ်နေ့ပါပဲ ၊ ပြဿနာ အစစ်အမှန်က နည်းစနစ်ပိုင်း လွဲမှားမှုတွေကြောင့် မဟုတ်ပါဘူး ၊ ဒီပွဲ ကစားဖို့ စိတ်ဓတ် တက်ကြွမှု စိတ်ပိုင်းဆိုင်ရာ အသင့် မဖြစ်နေတာတွေကြောင့်ပါ ၊ ပွဲကစားဖို့ အသင့် မဖြစ်နေတာက ကျနော်တို့ရဲ့ ကြီးမားတဲ့ အမှားအယွင်းပါပဲ ။ ”
” အမှားတွေ အရမ်း များခဲ့ပါတယ် ၊ ကျနော်တို့ ပထမပိုင်းကို ရှုံးနိမ့် ခဲ့ပါတယ် ၊ ဘရိုက်တန် အသင်း အစစ်အမှန် မဖြစ် ခဲ့ပါဘူး ၊ ဒါက ကျနော်တို့ တိုးတက်ဖို့ လိုအပ်နေတဲ့ အရာပါပဲ ၊ ပွဲတစ်ပွဲပြီးတိုင်းမှာ အသင်းသားတွေ နဲ့ စကားပြောဖြစ်ပါတယ် ၊ လာမယ့် တနင်္ဂနွေနေ့မှာ ကျနော်တို့ အသင်းရဲ့ စစ်မှန်တဲ့ အရည်အသွေး ကစားဟန် ကို ပြန်လည် ပြသသွားမှာပါ ၊ ခင်ဗျားတို့ ဘရိုက်တန် အစစ်အမှန် ကို ပြန်မြင်တွေ့ရမှာပါ ။ ”
SM