ပရိသတ်တွေထံမှ boo လုပ်ခံခဲ့ရပေမယ့် ပွဲရလဒ် အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ ချဲလ်ဆီး စတား ၂ဦးနဲ့ ပတ်သက်ကာ မှတ်ချက်ပေးသွားတဲ့ လမ်းပတ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက် အသင်းကို ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၉ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ သင်္ချာနည်းအရ တန်းဆင်းဇုန်နဲ့ အပြည့်အဝ လွတ်ကင်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ်ကို ကြားရက်မှာ ၃ – ၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှ ပွဲထွက်စာရင်းမှာ အပြောင်းအလဲ အချို့ လုပ်ခဲ့တဲ့ ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်ရဲ့ ဆုံးဖြတ်ချက် မှန်သင့်သလောက် မှန်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းရဲ့ ဒုတိယပိုင်း အတွင်း လူစားလဲ အသုံးပြုပုံတွေက ထိရောက်မှု ရှိခဲ့ပြီး ဒါကပဲ ၄င်းတို့ကို နိုင်ပွဲ ပြန်ရှာတွေ့စေခဲ့တာ ဖြစ်ပါတယ် ။

အထူးသဖြင့် ချဲလ်ဆီး ပရိသတ်တွေဟာ form အောက်နေတဲ့ တောင်ပံကစားသမား ရာဟင်း စတာလင်နဲ့ ဟာကင် ဇီယက်ခ်ျတို့ မစ်ခ်ဟိုင်လို မူဒရစ် ၊ နွန်နီ မက်ဒူးကီတို့ရဲ့ နေရာမှာ လူစားဝင်ကစားခွင့် ရခဲ့တာနဲ့ ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်ခဲ့ကြပါတယ် ။ ဒီ၂ဦး လူစားဝင်တဲ့ အချိန်မှာလည်း အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေက boo လုပ်ခဲ့ကြပါတယ် ။

သို့ပေမယ့် စတာလင်နဲ့ ဇီယက်ခ်ျတို့ဟာ ဂိုးဖန်တီးမှု ကိုယ်စီ ရခဲ့ပြီး ၊ ခြေစွမ်းက ထူးချွန်တဲ့ အနေအထား မရှိခဲ့ရင်တောင် လက်ခံလို့ရတဲ့ ပုံစံမျိုး ပြသနိုင်ခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဖရန့် လမ်းပတ်က ယင်းအတွေ့အကြုံရင့် တောင်ပံကစားသမား ၂ဦး ပရိသတ်တွေထံမှ boo လုပ်ခံခဲ့ရတဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

လမ်းပတ် က ” ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေဟာ အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ဒီတော့ သူတို့ရဲ့ အားပေးမှုကို ကျွန်တော် အမှန်တကယ် ကျေးဇူးတင်ပါတယ် ။ ကျွန်တော်တို့ဟာ ကွင်းရဲ့ တဖက်ခြမ်းမှာ နေ့တနေ့ အတွက် လူတိုင်းကို စိတ်ကြည်နူးစေမယ့် အခိုက်အတန့် တရပ် ရခဲ့ပါတယ် ။ ”

” ဒါက ကစားသမားတွေနဲ့ ပရိသတ်တွေ အတွက် အရေးကြီးတယ်လို့ ထင်ပါတယ် ။ လူစားဝင် ကစားသမားတွေ အကြောင်းနဲ့ ဆက်စပ်ပြီး ပြောရရင် သူတို့ အားလုံး သက်ရောက်မှု တခုခု ပေးစွမ်းခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ရူဘင်နဲ့ ရာဟင်းတို့ နည်းနည်း ပိုစောပြီး လူစားဝင်ခွင့် ရခဲ့တာနဲ့ ပတ်သက်ပြီး ပြောရရင် ၊ ရူဘင်ဟာ ကျွန်တော်တို့ အတွက် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဖြစ်တည်မှု အနည်းငယ် ပေးခဲ့သလို ၊ ဘောလုံး ထိန်းသိမ်းပုံ တည်ငြိမ်ခဲ့ပြီး ၊ ခင်ဗျားတို့ ပြောကြသလိုပါပဲ ၊ ရာဟင်းကတော့ သွင်းဂိုး တဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ် ။ ”

” အက်ဇ်ပီကလည်း လူစားဝင်ပြီး ကျွန်တော်တို့ကို ဦးဆောင်နိုင်ခဲ့ပါတယ် ။ ဟာကင်ကလည်း လူစားဝင်ပြီး ဂိုးဖန်တီးမှု တကြိမ် လုပ်ခဲ့ပြီး ၊ ကစားပုံ အရမ်းကောင်းခဲ့ပါတယ် ။ ထင်မြင်ချက် ဆိုတာ အချိန်ပိုင်း တခု အတွင်း အမြဲ ပြောင်းလဲနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဟာကင်နဲ့ ရာဟင်းတို့ဟာ ဘောလုံးသမားတွေ အဖြစ်နဲ့ အသင်းအတွက် ကောင်းကောင်း ကစားပေးချင်ကြတဲ့ ၊ ကြီးကျယ်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား ၂ဦး ဖြစ်ပါတယ် ။ အကယ်၍ form အကြောင်း ပြောမယ်ဆိုရင်တော့ ဒါက ယာယီသာ ဖြစ်ပါတယ် ။ သူတို့ရဲ့ class က အမြဲတမ်း ရှိနေမှာ ဖြစ်ပြီး ၊ သူတို့ ဒီနေ့ပွဲမှာ လူစားဝင်ပြီး ပွဲအပေါ် သက်ရောက်မှု တခုခု လုပ်ပေးနိုင်ခဲ့တာကို ကျွန်တော် ကျေနပ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR