တော့ဒ်ဘိုလီကို ဝေဖန်ရင်း ၊ ချဲလ်ဆီး ကစားသမားတွေရဲ့ လုပ်ရပ်ဟာ ရွံစရာကောင်းတယ်လို့ ခေါင်းစဉ်တပ်လိုက်တဲ့ ဂယ်ရီနဗီးလ်

 

ချဲလ်ဆီး အသင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ အမေရိကန်စီးပွားရှင်အုပ်စု လက်ထက် ပထမနှစ်မှာတင် အဆိုးရွား ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖြတ်သန်းနေရပြီး ၊ မနေ့က ဘရိုက်တန် – မန်ချက်စတာယူနိုက်တက် ပွဲအပြီးမှာ သင်္ချာနည်းအရ ဥရောပဝင်ခွင့် တနေရာ ရဖို့ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားဆီ ရောက်သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာလည်း ချဲလ်ဆီးဟာ မကစားခင်ကတည်းက ရှုံးနေခဲ့သလို ၊ တကယ် ကစားတဲ့အချိန်မှာလည်း ကစားသမား အားလုံးနီးပါး ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု မပြခဲ့ပါဘူး ။ လောလောဆယ်အချိန်အထိတော့ ချဲလ်ဆီးဟာ တန်းဆင်းဇုန် အန္တရာယ်ကနေ ရာနှုန်းပြည့် မလွတ်ကင်းသေးပါဘူး ။

မနေ့က Sky Sports ရဲ့ Podcast တခုမှာ မန်ချက်စတာယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က တော့ဒ်ဘိုလီဟာ ရောက်ကတည်းက အကုန်တလွဲ လုပ်နေကြောင်း ဝေဖန်ရင်း ၊ လက်ရှိ ချဲလ်ဆီး ကစားသမားတွေရဲ့ လုပ်ရာဟာ ရွံဖို့ကောင်းတယ်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ် ။

နဗီးလ် က ” ဒါဟာ ကျွန်တော် မြင်ဖူးသမျှ စာရွက်ပေါ်က အကောင်းဆုံး အသင်းတွေထဲမှာ အဆိုးရွားဆုံး ခြေစွမ်းမျိုး ပြနေတဲ့ အသင်း ဖြစ်ပါတယ် ။ အာဆင်နယ်နဲ့ ပွဲက ပထမပိုင်းမှာ သူတို့ရဲ့ ကစားပုံက ရှက်စရာကောင်းခဲ့ပါတယ် ။ သူတို့မှာ ကမ္ဘာ့ဖလား ချန်ပီယံတွေ ၊ နိုင်ငံလက်ရွေးစင်တွေ ၊ တန်ကြေးမြင့်တွေ ရှိပါတယ် ။ ကျွန်တော်ဖြင့် မယုံနိုင်ပါဘူး ။ ”

” ဖရန့် လမ်းပတ်ဟာလည်း ကျွန်တော့နည်းတူ တွေးနေပါလိမ့်မယ် ။ သူတို့ဟာ ကျွန်တော် မြင်ဖူးသမျှထဲ အဆိုးရွားဆုံးပါပဲ ။ ခင်ဗျားအနေနဲ့ မန်နေဂျာဖြစ်သူရဲ့ ပွဲပြီးစကားလုံးတွေကို ပုံဖော်ကြည့်မယ်ဆိုရင် အဝတ်လဲခန်းထဲမှာ ပြောတဲ့စကားတွေက ဒီထက် အဆတရာ ပိုဆိုးပါလိမ့်မယ် ။ ”

” သူတို့ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးတွေနဲ့ ကစားသမားတွေအရ ခင်ဗျားဟာ ဒီလောက်အထိ ထိုးမဆင်းသွားသင့်ပါဘူး ။ သူတို့ဟာ လီဗာပူးနဲ့ ပွဲမှာ ကစားပုံကောင်းခဲ့တော့ အလားအလာတော့ ရှိမယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ သူတို့မှာ ဂိုးတွေ သွင်းပေးမယ့် တိုက်စစ်မှူး မရှိနေပါဘူး ။ ဒါပေမယ့် သူတို့ ကစားပုံကောင်းနေခဲ့ပါတယ် ။ ”

” အဲဒီနောက်ပိုင်း ကျွန်တော်တို့ မြင်တွေ့ထားရတာက တစက်မှ ကျက်သရေမရှိတော့ပါဘူး ။ ဒါတွေအားလုံးဟာ ထိပ်ပိုင်းကနေ စတင်လာတာပါ ။ အခြေအနေက ရုပ်ပျက်ဆင်းပျက်ပါပဲ ။ စကတည်းက ရှုပ်ပွနေခဲ့တာပါ ။ ဘိုလီဟာ အိပ်မက်ဆိုး တခု ကျော်ဖြတ်ထားရပြီး ၊ ဒီလိဂ်အပေါ် အဓိပ္ပာယ်ကောက်ပုံ လွဲခဲ့ပါတယ် ။ ”

“သူ ခပ်မြန်မြန် ဒါကို သင်ခန်းစာ ယူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒီရာသီ ချဲလ်ဆီးမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးက သူ့အပေါ်မှာ အပြည့်အဝ မူတည်ပါတယ် ။ သူ့အနေနဲ့ ဘောလုံးကဏ္ဍ တတ်ကျွမ်းသူတွေကို ဆက်ထိန်းဖို့ လိုအပ်ခဲ့ပါတယ် ။ သူဟာ ဘောလုံးအကြောင်း ဘာတခုမှ မသိပါဘူး ။ ”

” ခင်ဗျားဟာ ပိုင်ရှင် တဦးပါ ။ ကစားသမားလည်း မဟုတ်သလို နည်းပြလည်း မဟုတ်ပါဘူး ။ ခင်ဗျားမှာ ဒီလိဂ်နဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံ တခုမှ မရှိပါဘူး ။ ဒီတော့ ကိုယ့်နေရာ ကိုယ်နေပြီး ၊ လွန်ခဲ့တဲ့ ၁၀နှစ် အတွင်း ဒီအသင်းကို အောင်အောင်မြင်မြင် လည်ပတ်ပေးခဲ့တဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို အလုပ်လုပ်ခွင့်ပေးပါ ။ ”

” သူတို့ကို အနည်းဆုံး တနှစ်လောက် အချိန်ပေးပြီး ၊ သင်ယူလေ့လာပါ ။ ချဲလ်ဆီးရဲ့ တည်ငြိမ်မှုကို ဆက်ထိန်းပေးထားပါ ။ အဲဒီအစား ပီတာချက် ၊ မာရီနာ ဂရာနော့ဗ်စကိုင်ယာတို့ ထွက်သွားခဲ့တယ် ၊ သောမတ်စ် တူချယ်ကလည်း ပွဲနည်းနည်းပဲ ကိုင်ပြီး အထုတ်ခံခဲ့ရပါတယ် ။ အဲဒီနောက် တမဟုတ်ချင်းမှာပဲ ခင်ဗျား အသင်းက ကသောင်းကနင်း ဖြစ်သွားတာပါပဲ ။ ”

” အဲဒီနောက် သူတို့ဟာ အပြောင်းအရွှေ့ ပေါ်လစီကို ပြောင်းပြန်လှန်ပြီး ၊ ၂၂နှစ် အရွယ် ကစားသမားလေးတွေကို ၈နှစ် စာချုပ်ချုပ်ခဲ့ပါတယ် ။ ခင်ဗျားဟာ အောက်ခြေသိမ်းဝန်ထမ်း ၊ ကြံ့ခိုင်ရေး ဝန်ထမ်း ၊ အားကစားသိပ္ပံ ပညာရှင် ၊ ဒါရိုက်တာ ၊ မန်နေဂျာတွေကို ရာထူးကနေ တယောက်ပြီး တယောက် ထုတ်ပေမယ့် ၊ လူတိုင်းကို ဒုက္ခပေးရင်း ၊ ‘ ဒါက သူတို့ရဲ့ အမှား ၊ ကျွန်တော့ အမှား မဟုတ်ဘူး ‘ လို့ ပြောနေသလိုပါပဲ ။ ”

” ချဲလ်ဆီးမှာ အသင်းကို အောင်အောင်မြင်မြင် လည်ပတ်ပေးနိုင်တဲ့ နည်းလမ်း တခု ရှိခဲ့ပါတယ် ။ အခုတော့ ဒါက ဘိုလီ ဖန်တီးတဲ့ လမ်းစဉ်ကို ရောက်သွားပါပြီ ။ သူဟာ ဒီအရှုပ်အထုတ်ကို ဖန်တီးခဲ့တာပါ ။ ဘောလုံးမန်နေဂျာဂိမ်း ကစားနေသလို ဒါက ဆိုးရွားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR