ရှုံးပွဲအတွက် ဒိုင် နဲ့ ရှေ့တန်းကို အပြစ်တင်ခဲ့ကြတဲ့ အဲရစ် တန်ဟတ် နဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟတ် ဟာ မနေ့ညက ပွဲကို ကိုင်တွယ် ခဲ့တဲ့ ဒိုင်လူကြီး အန်ဒရီ မာရီနာ အပေါ် ဝေဖန် ပြောဆိုခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး ၉၉ မိနစ်မှာ ပေးရတဲ့ ပင်နယ်တီ ကို မက် အလစ္စတာ က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ် ။

 

အဆိုပါ ပင်နယ်တီ ဟာ ထောင့်ကန်ဘောကနေ ရောက်လာတဲ့ ဘောလုံးကို ယူနိုက်တက် နောက်ခံလူ လုခ်ရှော လက်နဲ့ ထိမိရာကနေ ပေးလိုက်ရတာ ဖြစ်ပြီး အဲရစ် တန်ဟတ် ကတော့ ထောင့်ကန်ဘော ကို ဖြစ်လာစေမယ့် ပြစ်ဒဏ်ဘော ဟာ ခွင့်မပြု သင့်တဲ့ အရာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ် ။

ယခု ပွဲစဉ် အပါအဝင် အန်ဒရီ မာရီနာ ဟာ ခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲစဉ်တွေကို ၂ ကြိမ်သာ ကိုင်တွယ်ထားခဲ့ ပါတယ် ။ ပထမ ပွဲမှာတုန်းကလည်း ယူနိုက်တက် ကွင်းလယ် ခံစစ်မှူး ကက်စမဲရိုး ကို အနီကတ်ပြ ထုတ်ပယ် ခဲ့သူပါ ။

 

“ရှော ကစားသွားတာ တကယ်ကောင်းပါတယ် ။ ဒါပေမယ့် ဖရီးကစ် မဖြစ်သင့်တဲ့ ဖရီးကစ် ကနေ အစပြုခဲ့တဲ့ လက်ထိဘော တလုံးက ပွဲကို ဖျက်ဆီးလိုက်တာ ပါပဲ ။ ဒီနေ့ပွဲမှာ ဒီထက်ဆိုးတဲ့ ဖျက်ထုတ်မှုတွေ အများကြီး မြင်ခဲ့ပါတယ် ။ ဒါပေမယ့် ဝီစီသံ မကြားလိုက်ရတဲ့ အခေါက်တွေလည်း အများကြီးပါပဲ”

 

“ပြီးခါနီးမှာ ကျွန်တော်တို့ အမှား လုပ်မိခဲ့ပြီး ရှုံးသွားတယ် ၊ ပွဲချိန် အတွင်းက အခွင့်အရေးတွေကို မယူနိုင်ခဲ့ဘူး ။ ဒါတွေက မှန်ပါတယ် ။ ဒါပေမယ့် စိတ်ပျက်စရာ တချို့လည်း ရှိခဲ့တာကတော့ ငြင်းလို့ မရပါဘူး” လို့ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

 

လုခ်ရှော ကတော့ အသင်းရဲ့ အဆုံးသတ် အားနည်းမှုတွေဟာ သူတို့ အခုလို ရှုံးနိမ့်ရမှု ရဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုလာခဲ့ ပါတယ် ။

 

“ပြဿနာက ကျွန်တော်တို့ ဂိုးမသွင်း နိုင်တာပါပဲ ။ အခွင့်အရေး ကြီးကြီးမားမား ၃-၄ ကြိမ်လောက် ကို ပထမပိုင်း မှာတင် ရခဲ့ပါတယ် ။ ဒီထဲကနေ ဂိုးရခဲ့သင့်တာပါ ။ အခု ရာသီမှာ ဒီလို ကိစ္စမျိုး ခဏခဏ ဖြစ်နေပါတယ် ။ နောက်ဆုံးမှာ ကျွန်တော့ ရဲ့ အမှားကနေ ပင်နယ်တီ ပေးခဲ့ရတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ဂိုးရသင့်တဲ့ အခွင့်အရေးတွေကိုသာ ဂိုးဖြစ်အောင် ပြောင်းလဲ နိုင်မယ်ဆိုရင် ရလဒ်က တမျိုး ဖြစ်သွားမှာပါ” လို့ ရှောက ပြောဆို ခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ ၃၃ ပွဲ ကစားပြီးချိန်မှာ အဆင့် ၄ နေရာမှာ ၆၃ မှတ်နဲ့ ရပ်တည်နေပြီး အဆင့် ၃ က နယူးကာဆယ် နဲ့ ၂ မှတ်အကွာ ၊ အဆင့် ၅ မှာ တပွဲပို ကစားထားတဲ့ လီဗာပူးထက် ၄ မှတ်အသာ တို့နဲ့ ရပ်တည်နေပါတယ် ။

လာမယ့် ပွဲစဉ်မှာတော့ ယူနိုက်တက် ဟာ ဝက်စ်ဟမ်း အသင်းကို အဝေးကွင်းမှာ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR