အသင်းဟောင်း ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ မူဒရစ်ထံ မက်ဆေ့ခ်ျပေးသွားတဲ့ ရှက်ဗ်ချန်ကို

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း Big Money အပြောင်းအရွှေ့ ၂ခု လုပ်ခဲ့ရာ ရှက်တာဒိုးနက်စ် အသင်းကနေ ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်လည်း ထိုအထဲက တဦး ဖြစ်ပါတယ် ။

မူဒရစ်ဟာ ကနဦးမှာ အခြား လန်ဒန် အင်အားကြီး ကလပ် တသင်း ဖြစ်တဲ့ အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ အလွန့်အလွန် နီးစပ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရခဲ့ပြီးမှ ၊ အဆုံးမှာ အနားကပ်မှ အာဆင်နယ်ထက် အပြောင်းအရွှေ့ ချဉ်းကပ်ပုံ ပိုပြီး ပြတ်သားခဲ့တဲ့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းကို လက်ခံသွားခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ မူဒရစ်ဟာ ပြောင်းရွှေ့ကြေး ပမာဏကြောင့်သော်လည်းကောင်း ၊ ယူကရိန်းလိဂ်ထက် အဆင့်များစွာ မြင့်မားတဲ့ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ ကစားနေရခြင်းသော်လည်းကောင်း အချိန်တို အတွင်း အထိုင်ကျဖို့ အထူး ရုန်းကန်နေရပါတယ် ။

လက်စတာနဲ့ ပွဲမှာ မူဒရစ်ဟာ ချဲလ်ဆီး အတွက် ပထမဆုံး ဂိုးဖန်တီးမှု စလုပ်ပေးနိုင်ခဲ့ပေမယ့် ၊ ဒါဟာ တန်ကြေးနဲ့ လိုက်ဖက်တဲ့ မျှော်မှန်းချက်တွေနဲ့ ဘယ်လိုမှ ကိုက်ညီမှု မရှိနေပါဘူး ။ မူဒရစ်နဲ့ တနိုင်ငံတည်းသား ချဲလ်ဆီးနဲ့ အေစီမီလန် တိုက်စစ်မှူးဟောင်း အန်ဒရေ ရှက်ဗ်ချန်ကို က အင်္ဂလန်မှာ အထိုင်ကျဖို့ ဘာလုပ်ရမလဲ ဆိုတာ မူဒရစ်ထံ အခုလိုပဲ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

The Athletic နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရှက်ဗ်ချန်ကို က ” မီလန်နဲ့ လန်ဒန်မှာ ကျွန်တော့ အတွက် အလုပ်ဖြစ်ခဲ့တဲ့ အရာက သက်ဆိုင်ရာ နိုင်ငံက ဓလေ့ထုံးစံတွေနဲ့ သူတို့ရဲ့ ဘာသာစကားတွေကို ထဲထဲဝင်ဝင် လေ့လာဖြစ်ခဲ့ခြင်းပါပဲ ။ ဒီအတွက်ကြောင့် ကျွန်တော်ဟာ အသင်းဖော်တွေနဲ့ ပြောဆိုဆက်ဆံနိုင်ခဲ့ပါတယ် ။ ”

” ဒီအရာတွေက မူဒရစ်ကိုလည်း အင်္ဂလန်မှာ ပိုပြီး လျင်လျင်မြန်မြန် အထိုင်ကျစေပါလိမ်မယ် ။ ဒါဟာ ခင်ဗျား ကမ္ဘာပေါ်က ဘယ်နိုင်ငံမဆို ပြောင်းရွှေ့ အခြေချတဲ့ နေရာမှာ အရေးပါတဲ့ အချက် ဖြစ်ပါတယ် ။ ကွင်းတွင်းမှာတော့ မန်နေဂျာနဲ့ ကလပ်ဖက် သူ့ကို လိုအပ်တဲ့ ခြေစွမ်း အဆင့်အတန်းတွေဆီ ရောက်စေဖို့ အရာရာ ပံ့ပိုးပေးပါလိမ့်မယ် ။ ”

” ချဲလ်ဆီးဟာ အနာဂတ် အတွက် အရည်အသွေးမြင့်ပြီး အလားအလာကောင်း ရှိတဲ့ လူငယ် ကြယ်ပွင့် တဦးကို ခေါ်ယူထားတာပါ ။ အခုမှ သူဟာ ကြီးကျယ်တဲ့ ကစားသမား ဘဝကို စရုံလေးပဲ ရှိပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ ယူကရိန်း လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေတဲ့ မူဒရစ်ဟာ မနက်ဖြန်ည ဝင်ဘလေမှာ ကစားမယ့် အင်္ဂလန်နဲ့ ယူရို အုပ်စုအဆင့် ခြေစစ်ပွဲကို ပွဲထွက်ကစားခွင့် ရဖို့ ရှိပါတယ် ။ ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ယူကရိန်း လက်ရွေးစင် နည်းပြ ရပ်စ်လန် ရိုတန်က ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ မူဒရစ်နဲ့ ပတ်သက်ကာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ရိုတန် က ” မစ်ခ်ဟိုင်းလိုဟာ ကြီးကျယ်တဲ့ အရည်အသွေးတွေနဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ကြယ်ပွင့် တဦးပါ ။ လအနည်းငယ် အတွင်း သူဟာ ပရီးမီးယားလိဂ်နဲ့ ချဲလ်ဆီးမှာ သော့ချက်ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးပါလိမ့်မယ် ။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ စိန်ပွင့် တပွင့် ဖြစ်ပြီး ၊ ကျွန်တော်တို့ အားလုံးကို အားပေးနေကြပါတယ် ။ ”

” သူဟာ ဝင်ဘလေမှာ ကစားဖို့ စိတ်ဓာတ်တက်ကြွနေပြီး ၊ သူဟာ ကျွန်တော်တို့ရဲ့ သော့ချက် ကစားသမားတွေထဲက တဦးပါပဲ ။ ဒါက အရမ်း အပေါင်းလက္ခဏာ ဆောင်ပြီး ၊ ကျွန်တော်တို့ဟာ အနာဂတ်ကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ရှေ့ဆက်လျှောက်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR