နွေရာသီမှာ အာဆင်နယ် အသင်း ပစ်မှတ်ထား ခေါ်ယူသွားမယ့် ကစားသမား ၄ ဦး နာမည် ထွက်ပေါ်လာ

 

အာဆင်နယ် အသင်းဟာ လာမယ့် ဘောလုံးရာသီတွင် မန်ချက်စတာစီးတီး အသင်း နဲ့ လူစာရင်း အင်အား ကွာခြားမှု မရှိအောင် ​နွေရာသီ မှာ ထိပ်တန်း ကစားသမား ၄ ဦးလောက်ကို ခေါ်ယူ အားဖြည့် သွားမှာ ဖြစ်တယ်လို့ Daily Mail က ရေးသား ဖော်ပြ လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဗဟို နောက်ခံလူ တစ်ဦး ၊ ဗဟို ကွင်းလယ်လူ နှစ်ဦး နှင့် စွယ်စုံရ တိုက်စစ် ကစားသမား တစ်ဦး တို့ကို ခေါ်ယူ အားဖြည့် သွားမှာ ဖြစ်ပါတယ် ။ လေဗာကူဆင် တောင်ပံ ကစားသမား မူဆာ ဒီယာဘီ ကတော့ အာဆင်နယ် အသင်း အမှန်အကန် စိတ်ဝင်စားနေတဲ့ ကစားသမား ဖြစ်တယ်လို့ သိရပါတယ် ။အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် တောင်ပံ ကစားသမားဟာ ဒီရာသီမှာ ၁၄ ဂိုး အထိ သွင်းယူ ထားသူပါ ။

အာဆင်နယ် အသင်းဟာ မာတင်နယ်လီ ၊ ဆာ​ကာ ၊ ထရောဆက်ဒ် ၊ နယ်လ်ဆင် တို့ ရှိနေတဲ့ တိုက်စစ် အစုအဖွဲ့ကို ထပ်မံ အင်အား ဖြည့်တင်း လိုနေပီး ဒီယာဘီ ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာပါ ။ ဒီယာဘီ ရဲ့ တန်ကြေး ဟာ ပေါင် သန်း ၅၀ အထက် မှာ ရှိနေပြီး အာဆင်နယ် အနေနဲ့ မန်ယူနိုက်တက် ၊နယူးကာဆယ် ၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ ယှဉ်ပြိုင် ခေါ်ယူ ရမှာပါ ။

အာဆင်နယ် အသင်းဟာ ရာသီကုန်မှာ ခရစ္စတယ်ပဲလေစ့် နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ဇာဟာ ကိုလည်း ခေါ်ယူဖို့ စဉ်းစား ထားပါတယ် ၊ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ဒီယာဘီ ရဲ့ အပြောင်းအရွှေ့ကို အရင် ဦးစားပေး လုပ်ဆောင် သွားမှာပါ ၊ အာဆင်နယ် အသင်းဟာ နယ်လ်ဆင် အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတာကြောင့် တိုက်စစ် ကစားသမားတွေ ခေါ်ယူဖို့ လုပ်ဆောင် လာခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ နယ်လ်ဆင် ကို စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပုံမှန် ပွဲထွက် ကစားခွင့် ရချင်တာကြောင့် စာချုပ်သစ်ကို ငြင်းဆန် ပယ်ချ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ဘရိုက်တန် အသင်း အပါအဝင် တခြား ပရီးမီးယားလိဂ် အသင်းတွေကတော့ နယ်လ်ဆင် ကို ခေါ်ဖို့ စိတ်ဝင်စား နေကြပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်ပစ်မှတ်ကတော့ အားလုံးသိထားကြတဲ့ အတိုင်း ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ပဲ ဖြစ်ပါတယ် ။ ရိုက်စ် ဘက်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အာဆင်နယ် ကို ပြောင်းဖို့ လမ်းဖွင့် ထားပါတယ် ၊ ဒါပေမယ့် ဝက်စ်ဟမ်း အသင်း ဟာ ရိုက်စ် အတွက် ပေါင် သန်း ၁၀၀ အထိ အလို ရှိနေတာကြောင့် ဂန်းနားတို့ အတွက် ခက်ခဲမှု ရှိနိုင်ပါတယ် ။

အာဆင်နယ် အသင်းဟာ ရိုက်စ် အပြင် ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို နှင့် ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာ ကိုလည်း စိတ်ဝင်စားမှု ရှိနေပါတယ် ။ ဗဟို နောက်ခံလူ နေရာ အတွက်တော့ အာဆင်နယ် အသင်း ကင်းထောက်တွေဟာ ပဲလေစ့် နောက်ခံလူ ဂူဟီ ကို အတော်လေး မျက်စိ ကျနေပါတယ် ။

ကစားသမား အဝင်တွေ ရှိလာဖို့ ရှိနေသလို အာဆင်နယ် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမားတွေလည်း ရှိလို့ နေပါတယ် ။ Daily Mail ကတော့ ဘာလိုဂန် ၊ တီယာနေး ၊ ဟိုးလ်းဒင်း နှင့် စမစ်ရိုးလ် တို့ဟာ အာဆင်နယ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ကစားသမားတွေ ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါတယ် ။

SM