ဒီရာသီ ချဲလ်ဆီးမှာ ကစားဖို့ အလုပ်ပါမစ် မရခဲ့တဲ့ အပေါ် မှတ်ချက်ပေးရင်း ၊ အတူ တွဲကစားဖို့ စိတ်လှုပ်ရှားနေတဲ့ စတား ၂ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ အန်ဒရေ ဆန်းတို့စ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း ပေါင်သန်း ၃၀၀ ဝန်းကျင် သုံးစွဲခဲ့ကာ ကစားသမားသစ် ၈ဦး အထိ ခေါ်ယူခဲ့တဲ့ အထဲမှာ ဗက်စ်ကိုဒဂါးမား အသင်းကနေ ပေါင် ၁၀သန်းနီးပါးနဲ့ ရောက်လာတဲ့ ဘရာဇီး ကြယ်ပွင့် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ချဲလ်ဆီးရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်ခဲ့ပေမယ့် အင်္ဂလန်မှာ ကစားဖို့ အလုပ်ပါမစ် မရခဲ့တာကြောင့် ရာသီကုန်တဲ့ အထိ အသင်းဟောင်း ဗတ်စ်ကိုဒဂါးမားမှာ အငှား ပြန်ကစားလျက်ရှိပါတယ် ။

NetVasco သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဆန်းတို့စ်က ချဲလ်ဆီးမှာ ကစားဖို့ အလုပ်ပါမစ် မရခဲ့ခြင်း အပေါ် ” ဒီရာသီ ကျွန်တော့မှာ ချဲလ်ဆီး အတွက် ကစားခွင့် မရနိုင်တဲ့ အလားအလာ တချို့ ရှိတယ် ဆိုတာ သိပါတယ် ။ ကျွန်တော် ယုံကြည်မှု ရှိခဲ့ပါတယ် ။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကျွန်တော် အလုပ်ပါမစ် မမီခဲ့ပါဘူး ။ ”

” စိတ်အေးအေးပဲ ထားလိုက်ပြီး ၊ လာမယ့် ဇူလိုင်မှာ ချဲလ်ဆီး အတွက် ကစားပေးနိုင်ဖို့ ကျွန်တော့ရဲ့ ဘဝကို ပြန်စတင်ရပါမယ် ။ အမှန်ကို ပြောရရင် ကျွန်တော် ဘာလိုအပ်လဲ ဆိုတာ မသိပါဘူး ။ ကျွန်တော်ကတော့ ဘရာဇီး စူပါလိဂ်မှာ ပုံမှန် ကစားပြီး ၊ ယူ ၂၀ ကမ္ဘာ့ဖလားကို ဆင်နွှဲဖို့ လိုတယ်လို့ သိထားပါတယ် ။ ကျွန်တော်ဟာ ကစားသမား ဘဝ ပန်းတိုင်တွေ အတွက် ကိုယ့်ကလပ်မှာ အကောင်းဆုံး ကြိုးစားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ ဆန်းတို့စ်ဟာ ယခု တခေါက် intenational break ကာလမှာ ဘရာဇီး လက်ရွေးစင် အသင်းနဲ့ အတူ ပထမဆုံး အကြိမ် ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ယူ ၂၀ တောင်အမေရိက ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဘရာဇီး ယူ ၂၀ အသင်းအတွက် ဂိုးအများဆုံး သွင်းပြီး ၊ ချန်ပီယံဆု ဆွတ်ခူးစေခဲ့ရာမှာ ကူညီခဲ့တဲ့ ဆန်းတို့စ် အတွက် လက်ရွေးစင် အဆင့်သို့ ဆင့်ခေါ်ခံခဲ့ရခြင်းဟာ ထိုက်တန်မှု ရှိခဲ့ပါတယ် ။

ယင်းအင်တာဗျူးမှာပဲ ဆန်းတို့စ် က လာမယ့် ဘောလုံးရာသီ ချဲလ်ဆီးမှာ အတူတွဲကစားဖို့ စိတ်လှုပ်ရှားနေတဲ့ ကစားသမားတွေ အနက် ၄င်းကိုယ်တိုင် လေးစား အတုယူရတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ ချဲလ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ရွေးချယ်သွားပါတယ် ။

ဆန်းတို့စ် က ” ဘယ်သူဘယ်ဝါနဲ့ တွဲကစားချင်ပါတယ် ဆိုပြီး နာမည်တပ်ပြောဖို့က ခက်ပါတယ် ။ ဒါပေမယ့် သီယာဂို ဆေးလ်ဗားကို ကျွန်တော် အမှန်တကယ် သဘောကျပြီး ၊ သူဟာ ကျွန်တော် လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ် ။ နောက်ပြီး အန်ဇို ဖာနန်ဒက်ဇ်ပါ ။ သူဟာလည်း ကြီးကျယ်တဲ့ ကစားသမား တဦးပါပဲ ။ ကွင်းလယ်မှာ သူနဲ့ အတူ တွဲကစားရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ဆန်းတို့စ် က သူကစားရတာ ပိုအားသန်တဲ့ နေရာ အကြောင်း ၊ ချဲလ်ဆီးကို ဘယ်လောက်ထိ နှစ်သက်တဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ” ကျွန်တော်ဟာ ကွင်းလယ်လူ ဘယ်ရော ညာနေရာမှာပါ ကစားပေးနိုင်ပါတယ် ။ ကျွန်တော်ဟာ ပထမ ၊ ဒုတိယ ကွင်းလယ်ခံစစ် ကစားသမား အနေနဲ့ တောက်လျှောက် ကစားထားရတာပါ ။ ”

” ပထမ ကွင်းလယ်ခံစစ် နေရာမှာ ကစားရတာက ထူးခြားမှု တရပ် ရှိပါတယ် ။ ကျွန်တော်ဟာ ဂိုးပေါက်နဲ့ အနည်းငယ် ခပ်လှမ်းလှမ်းမှာ ကစားရပါတယ် ။ ဒါပေမယ့် ဒုတိယ ကွင်းလယ်ခံစစ် ကစားသမား နေရာမှာဆိုရင်တော့ ကျွန်တော်ဟာ ဂိုးပေါက်နဲ့ ပိုနီးနီး ကစားရပြီး ၊ ကျွန်တော်ဟာ ဂိုးသွင်းရတာ ကြိုက်တဲ့ အတွက် second wheel အနေနဲ့ ရှေ့တက် ကစားခွင့် ရဖို့က ကျွန်တော့ အဖို့ အရေးကြီးပါတယ် ။ ”

” ကျွန်တော်ဟာ ချဲလ်ဆီးကို အများကြီး နှစ်သက်ပါတယ် ။ ငယ်ငယ်ကတည်းက ပရီးမီးယားလိဂ်နဲ့ ဥရောပ အင်အားကြီး ချဲလ်ဆီးလို အသင်းမှာ ကစားခွင့်ရဖို့ အမြဲတမ်း အိပ်မက်လာတာပါ ။ ဒီတော့ သူတို့ ကစားတဲ့ ပွဲတွေကို အမြဲလိုလို စောင့်ကြည့် အားပေးဖြစ်ပါတယ် ။ ”

” အလုပ်ပါမစ် မရခဲ့တဲ့အချိန်က အရမ်း စိတ်ရှုပ်ထွေးခဲ့ပါတယ် ။ ဒါပေမယ့် အရာရာက သူ့အချိန် ရောက်ရင် ဖြစ်လာမယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဂိမ်းကစားရင်လည်း ကျွန်တော် ချဲလ်ဆီးပဲ အမြဲ ကိုင်ပါတယ် ။ ကျွန်တော့ အသင်းဖော်တွေနဲ့ ယောက်ဖတောင် ကျွန်တော့ကို ဒီအတွက် အမြဲ စနောက်ကြပါတယ် ။ ကျွန်တော်ဟာ ဂိမ်းထဲက အသင်းမှာလည်း ကိုယ့်ကိုယ်ကို ထည့်သုံးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR