ချဲလ်ဆီး အသင်းကို ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲအပြီးမှာ ဂန်းနား ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ နယူးကာဆယ် နဲ့ ပွဲ အတွက် အာဆင်နယ် အသင်းဖော်တွေကို သတိပေး စကားဆို သွားခဲ့ပါတယ် ။အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်မှာ လန်ဒန် မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို ၃-၁ နဲ့ အနိုင်ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း လာခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ပထမပိုင်း အပြီးမှာကတည်းက ကပ္ပတိန် အော်ဒီဂတ် ၊ ဂျေးဇု တို့ရဲ့ သွင်းဂိုး တွေ နဲ့ သုံးဂိုးပြတ် ဦးဆောင် နေခဲ့တာပါ ။ ဒုတိယပိုင်းမှာ ချဲလ်ဆီး ဘက်က သွင်းဂိုး တစ်ဂိုး ပြန်သွင်း ခဲ့ပေမယ့် အမှတ် ရလောက်တဲ့ အထိ ပြန်လည် comeback နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ၊ ချဲလ်ဆီး နဲ့ ပွဲမှာ အော်ဒီဂတ် ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီး ပေးခဲ့တဲ့ ရှာကာ ကတော့ ပွဲအပြီးမှာ လာမယ့် နယူးကာဆယ်နဲ့ ပွဲအတွက် အသင်းဖော်တွေကို ကြိုတင် သတိပေးသွားခဲ့ပါတယ် ။
” မနှစ်က သူတို့(နယူးကာဆယ်) နဲ့ ပွဲကို ကျနော်တို့ လုံးဝ မမေ့ပါဘူး ၊ အရိုးသားဆုံး ပြောရရင် သူတို့က ကျနော် တို့ကို စိတ်ကြိုက် ချေမှုန်း ကစားသွား ခဲ့တာပါ ၊ သူတို့ ကျနော် တို့ထက် ပိုကောင်း ခဲ့ပြီး နိုင်ပွဲ ရလိုစိတ် ပိုရှိခဲ့ပါတယ် ၊ ဒီတစ်ခေါက် သူတို့ဆီ သွားကစားရမယ့် ပွဲမှာတော့ ကျနော်တို့ အဆင်သင့် ဖြစ်ပြီ ဖြစ်ကြောင်း ပြသရမှာပါ ။ ”
” ကျနော်တို့ ဒီနေရာကို ဘာကြောင့် ရောက်နေသလဲ ဆိုတာ သူတို့ သိအောင် ပြသ နိုင်ဖို့ လိုအပ်ပါတယ် ၊ အခု အချိန်မှာ ကျနော်တို့ အသင်းဟာ ဒီနေရာကို ထိုက်ထိုက်တန်တန် ရောက်နေတာ ဖြစ်ကြောင်းပေါ့ ၊ ဒါပေမယ့် နယူးကာဆယ် ကလည်း သိပ်ကောင်းနေတာကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်မှာတော့ အသေအချာပါပဲ ။ ”
” ကျနော်တို့ အနေနဲ့ သူတို့ဆီ ယုံကြည်မှု အပြည့်နဲ့ သွားပီးကိုယ့် ကစားပွဲ ဖြစ်အောင် ကစားရမှာပါ ၊ လန်ဒန်ကို ရမှတ် ၃ မှတ် ပြန်သယ်လာနိုင်ဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ မနှစ်က နယူးကာဆယ် ကို အရေးနိမ့်ပီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် မှေးမှိန်သွားခဲ့ရတာ ဖြစ်ပါတယ် ။
SM