ဒီနှစ် အာဆင်နယ်လို ချဲလ်ဆီးတို့ လာမယ့် ဘောလုံးရာသီမှာ တိုးတက်လာနိုင်လား ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားလာတဲ့ လမ်းပတ်

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပိုင်ရှင်ကအစ ၊ အောက်ခြေသိမ်း ဝန်ထမ်းအဆုံး အပြောင်းအလဲ များစွာ ကြုံထားရတာကြောင့် ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အတိမ်းအစောင်းတွေ ရှိနိုင်ပေမယ့် ၊ အခု လက်ရှိ ရောက်နေတဲ့ အဆင့် ၁၂ အထိ ဆင်းရမယ်လို့ ဘယ်သူမှ တွက်ခဲ့မှာ မဟုတ်ပါဘူး ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ခု အတွင်း ၊ အထူးသဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ချဲလ်ဆီးတို့ ဥရောပတလွှားမှာ တောက်ပနေတဲ့ လူငယ် ကြယ်ပွင့် အများအပြား ခေါ်ယူခဲ့ပြီး ၊ ဒီလို ကစားသမား အရေအတွက် အဆမတန် ဖောင်းပွလာမှုကြောင့် ရလဒ်နဲ့ ခြေစွမ်း အပေါ် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့ပါတယ် ။

လာမယ့် ဘောလုံးရာသီမှာတော့ အဝင်အထွက် ပြန်မျှအောင် ၊ ဟန်ချက်ညီအောင် ချဲလ်ဆီးတို့ ပြန်လည် ကြိုးစားရမှာ ဖြစ်ပြီး ၊ အလားအလာကောင်းတဲ့ လူငယ်တွေကို သေသေချာချာ လေ့ကျင့်ထိန်းကျောင်းပေးမယ့် မော်ရစ်စီယို ပိုချက်တီနို အပေါ် အချိန် အတိုင်းအတာ တရပ် အထိ ယုံကြည်ပေးဖို့ လိုပါတယ် ။

မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်က မီခေးလ် အာတီတာ ကိုင်တွယ်ခဲ့တဲ့ အစောပိုင်းနှစ်က အာဆင်နယ်နဲ့ လက်ရှိ ချဲလ်ဆီးတို့ရဲ့ ကျရှုံးမှုတွေ အပေါ် ခိုင်းနှိုင်းရင်း ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပူးပေါင်းချနိုင်မှသာ လက်ရှိ အာဆင်နယ်လို့ ချဲလ်ဆီးတို့ လာမယ့် ရာသီမှာ တိုးတက်လာနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

လမ်းပတ် က ” အာဆင်နယ်ရဲ့ ဇာတ်လမ်းနဲ့ ခိုင်းနှိုင်းတဲ့ အကြောင်းအရာက စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ကျွန်တော်တို့ အားလုံး သူတို့ရဲ့ Amazon နဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ စီးရီး အကြောင်း နည်းနည်းပါးပါးတော့ ကြည့်ဖူးကြမှာပါပဲ ။ ကျွန်တော်ရဲ့ ချဲလ်ဆီး နည်းပြ ပထမနှစ် မီခေးလ်ရဲ့ အသင်းနဲ့ ပထမဆုံး အကြိမ် ရင်ဆိုင်ခဲ့ရတုန်းက ခင်ဗျားတို့ ရောက်ချင်တဲ့ နေရာနဲ့ အတော်လေး အလှမ်းဝေးနေခဲ့ပါတယ် ။ ”

” မီခေးလ်ရဲ့ အသင်းဟာ အစောပိုင်းအဆင့်တွေမှာ တခါတလေ ၅ယောက်တန်းခံစစ် ၊ တခါတလေ ၄ယောက်တန်းခံစစ် ၊ တခါတလေ ကစားပုံဆင်တာက ၄ယောက်တန်း ဖြစ်ပြီး ၊ ခံစစ်ကစားမှ ၅ယောက်တန်း ဖြစ်သွားတာမျိုး စသဖြင့် ကျွန်တော် မှတ်မိပါတယ် ။ အခုတော့ သူတို့ဟာ အရမ်း အရမ်း ရှင်းလင်းပြတ်သားတဲ့ ကိုယ်ပိုင်ဟန် တခုကို ပိုင်ဆိုင်နေပါပြီ ။ ”

” ဒါ့အပြင် ကစားသမားသစ် ခေါ်ယူအားဖြည့်တဲ့နေရာမှာရော ၊ လူစာရင်း အပြောင်းအလဲ လုပ်တဲ့ နေရာမှာပါ သူတို့မှာ တိကျတဲ့ မူဟန်တခု ရှိနေပါပြီ ။ အကယ်ဒမီကနေ ရောက်လာတဲ့ ကစားသမားတွေလောက်ပဲ သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ သိပ်မရင်းနှီးတာမျိုး ရှိကောင်းရှိနိုင်ပါတယ် ။ ဒါကလည်း ခင်ဗျားဟာ ကိုယ့်အကယ်ဒမီကနေ ဒီလို လူငယ်ကြယ်ပွင့်တွေကို မြင့်မားတဲ့ စီနီယာ အဆင့် တက်လှမ်းခွင့်ပေးဖို့ လိုပါတယ် ။ ဒါကိုလည်း သူတို့ လုပ်ထားပြီးပါပြီ ။ ”

” မီခေးလ်ကနေတဆင့် ၊ အသင်းကနေတဆင့် ၊ ညှိနှိုင်းမှုတွေကနေတဆင့် ၊ ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတွေကနေတဆင့် သူတို့အနေနဲ့ အများကြီး ကြိုးစား အားထုတ်ထားပါတယ် ။ အခု ဘောလုံးရာသီ တခုတည်းကို ကွက်ပြီး ပြောနေမယ်ဆိုရင်တော့ ဒါကြီးက နေ့ချင်းညချင်း ဖြစ်လာသလို ထင်သွားကြပါလိမ့်မယ် ။ ”

” ခင်ဗျား အနေနဲ့ အခုလို အာဆင်နယ်ရဲ့ ယခုနှစ် ဘောလုံးရာသီမျိုး ပိုင်ဆိုင်ရဖို့ အစကို ပြန်သွားပြီး ပိုမိုခက်ခဲတဲ့ အခိုက်အတန့်ကာလတွေ အကြောင်း ပြန်ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ် ။ ကျွန်တော်တို့မှာ သူတို့လို လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိသလား ? ရှိပါတယ် ။ ဒီလို ဖြစ်လာဖို့ အချိန်တွေ အများကြီးယူ ၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ မလိုဘူးလား ? လိုပါတယ် ။ ”

” ခင်ဗျား သူတို့ရဲ့ နေရာမျိုး ရောက်နိုင်ပါတယ် ။ ဒီရာသီ လုပ်ပြထားသမျှ အရာတွေ အားလုံးနဲ့ ပတ်သက်ပြီး အာဆင်နယ်ကို ကျွန်တော်တို့ ချီးကျူးရပါမယ် ။ ဘာလို့လဲဆိုတော့ မန်နေဂျာ ၊ ပိုင်ရှင်နဲ့ ကစားသမားတွေ မေးခွန်းထုတ်ခံခဲ့ရတဲ့ အချိန်တွေကို ကျွန်တော် မြင်တွေ့ခဲ့ဖူးသလို ၊ ခင်ဗျားတို့လည်း သတိရမိမှာမို့ပါ ။ ”

” ဒီဖြစ်စဉ်မျိုး ဖြစ်လာဖို့ အချိန် ၂နှစ် ၊ ၃နှစ် ယူခဲ့ရပါတယ် ။ အဲဒီ ၂နှစ် ၊ ၃နှစ် အတွင်း ခင်ဗျားဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များစွာ ချခဲ့ရသလို ၊ နည်းလမ်းကောင်းနဲ့ ရှေ့ဆက် အလုပ်လုပ်ခဲ့ဖို့လည်း လိုပါတယ် ။ နည်းပြတွေ အပိုင်းအရ ကြည့်ရင် ၊ အခုလို မန်နေဂျာ တယောက်ကို ယုံယုံကြည်ကြည် အချိန်ပေးတာကို မြင်ရတာက ကောင်းပါတယ် ။ ”

” တခြား ကလပ် တသင်းသင်းမှာ မန်နေဂျာ အပြောင်းအလဲ ၂ကြိမ် ၊ ၃ကြိမ်လောက် လုပ်ကောင်းလုပ်နိုင်ပါတယ် ။ သူတို့ဟာ ကြီးကျယ်တဲ့ စံနမူနာတခု တည်ဆောက်ထားပြီး ၊ ဒါက သူတို့ ဘာကြောင့် ဒီနေရာ ရောက်နေလဲ ၊ အရမ်းကောင်းတဲ့ နည်းပြ အရည်အချင်းနဲ့ ကစားသမားတွေကလည်း တစိတ်တပိုင်း ဖော်ညွှန်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR