ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတဲ့ ပိုချက်တီနိုနဲ့ ပတ်သက်ကာ အံ့သြဖွယ် ခန့်မှန်းမှု လုပ်သွားတဲ့ ဂယ်ရီနဗီးလ်

 

ချဲလ်ဆီး အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် နည်းပြသစ် ခန့်အပ်နိုင်ရေးကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ စတင် ရှာပုံတော်ဖွင့်ခဲ့ပြီး ၊ အခုအခါမှာ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို ရွေးချယ်ကာ ၊ နည်းပြသစ် တာဝန်ပေးနိုင်ဖို့ အထူးနီးစပ်လာပြီ ဖြစ်ပါတယ် ။

ခြင်္သေ့ပြာတို့ဟာ ပိုချက်တီနိုကို စောနိုင်သမျှ စောအောင် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ၊ ဒါက ၄င်းအတွက် လက်ရှိ ကြုံတွေ့နေရတဲ့ အသင်းရဲ့ အကြပ်အတည်းတွေကို အတွင်းကျကျ ဖြေရှင်းနိုင်ဖို့ အချိန်ပိုရစေမှာ ဖြစ်ပါတယ် ။

ဂရေဟမ် ပေါ်တာကို နှစ်ရှည်စီမံကိန်း ၅နှစ် စာချုပ်ချုပ်သလို ၊ ချဲလ်ဆီးတို့ ဒီတကြိမ်မှာ မိုက်ရူးရဲဆန်မှာ မဟုတ်ပဲ ၊ ပိုချက်ကို ၂နှစ်ကနေ ၃နှစ် အထိသာ အလွန်ဆုံး စာချုပ်ချုပ်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘုတ်အဖွဲ့ဟာ ၄င်းကို လက်ကျန် ၆ပွဲထဲက ပွဲအနည်းငယ်ကို တာဝန်ပေးဖို့ ကြိုးစားနေပေမယ့် ၊ ဖြစ်လာဖို့ အလားအလာနည်းနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပိုချက်တီနိုဟာ ချဲလ်ဆီးနဲ့ လိုက်ဖက်မယ့် နည်းပြ ဖြစ်ကြောင်း မှတ်ချက်ပေးရင်း ၊ လာမယ့် ဘောလုံးရာသီမှာ ချဲလ်ဆီးနဲ့ ပိုချက်ဟာ လူအများအပြားကို အံ့အားသင့်အောင် လုပ်ပြလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ် ။

Sky Sports ရဲ့ The Overlap အစီအစဉ်မှာ နဗီးလ် က ” ကျွန်တော် စတမ်းဖို့ဒ်ဘရစ်ခ်ျက ချဲလ်ဆီး – လီဗာပူး ပွဲမှာ ပွဲကြေညာသူ တဦး အဖြစ် လုပ်ခဲ့တုန်းက ဒီကစားသမား အစုအဖွဲ့ကို ကြည့်တဲ့အခါ ၊ အရည်အသွေး ရှိတဲ့ နည်းပြ တဦးနဲ့သာဆို သူတို့ကို အတူတကွ ဖြစ်အောင် စုစည်းပေးနိုင်မယ်လို့ ခင်ဗျား တွေးကောင်းတွေးနိုင်ခဲ့ပါလိမ့်မယ် ။ ”

” ပိုချက်တီနိုဟာ တကယ် အရည်အချင်း ရှိတဲ့ နည်းပြ တဦးလို့ ကျွန်တော် ထင်ပါတယ် ။ ချဲလ်ဆီးဟာ နောက်ရာသီမှာ အမှန်တကယ် အံ့အားသင့်အောင် လုပ်ပြနိုင်မယ့် အသင်း တသင်းလို့ ကျွန်တော် ထင်ပါတယ် ။ ဒါကလည်း ပိုချက်တီနို ဒီအသင်းကို တစုတစည်းတည်း ဖြစ်အောင် ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့ အချက်ကြောင့်ပါ ။ တကယ်လည်း သူ လုပ်ပေးနိုင်မှာမို့ပါ ။ ”

” သူဟာ နှစ်လိုဖွယ်ကောင်းပြီး ၊ ကစားသမားတွေကလည်း သူ့အပေါ်မှာ တလေးတစား ဆက်ဆံကြပါလိမ့်မယ် ။ သူဟာ ပီအက်စ်ဂျီမှာ တကယ် ကြီးကျယ်တဲ့ ကစားသမားတွေနဲ့ အတူ အလုပ်လုပ်ခဲ့ဖူးပါတယ် ။ တော့တင်ဟမ် ၊ ဆောက်သမ်တန်တို့မှာလည်း သူ တကယ် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။ ”

” လာမယ့် ဘောလုံးရာသီမှာ သူဟာ တကယ် ၊ တကယ်တော်တဲ့ စွမ်းဆောင်ရည်မျိုး ပြနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ နောက်ပြီး သူဟာ အသင်း နောက်ကွယ်မှာ ဖြစ်နေတဲ့ အကြောင်းအရာ အများအပြားကိုလည်း အကာအကွယ် ပေးပါလိမ့်မယ် ။ ”

” ဒီလို ငယ်ရွယ်ပြီး အလားအလာကောင်းတွေ ၊ အရည်အချင်းတွေ ရှိကြတဲ့ ကစားသမားတွေဟာ လမ်းမှန်ပြပေးမယ့် နည်းပြမျိုး လိုအပ်ပြီး ၊ ပိုချက်တီနိုဟာ သူတို့နဲ့ ပြီးပြည့်စုံမှု ရှိပါတယ် ။ ကျွန်တော်ဟာ အရင်က ပိုချက်တီနိုကို မန်ယူနိုက်တက်မှာ အလိုရှိခဲ့ပါတယ် ။ ”

” ဒါက ကျွန်တော် အဲရစ် တမ်ဟဂ်ကို မလိုချင်ခဲ့ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး ။ အခြေအနေက နီးကပ်ခဲ့ပြီး ၊ အဆုံးမှာ တမ်ဟဂ်ကို ကျွန်တော်တို့ ရလိုက်လို့ ပျော်ရွှင်နေပါတယ် ။ သူဟာ ဒီရာသီ တကယ် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြထာeးပါတယ် ။ ဒါပေမယ့် ပိုချက်တီနိုဟာ ထိပ်တန်း နည်းပြ တဦး ဖြစ်ပြီး ၊ သူသာ ကျွန်တော့ ကလပ်မှာဆိုရင် ကျွန်တော် ပျော်ရွှင်နေခဲ့မှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR