နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အလားအလာ ကောင်းလာခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တလုံးတည်းသော ဂိုးကို ကွင်းလယ်လူ ဖာနန်ဒက်စ် က သွင်းပေးခဲ့ပြီး ဒါဟာ ပေါ်တူဂီသား အတွက် ပရို ကစားသမားဘ၀ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ သွင်းဂိုးလည်း ဖြစ်လာခဲ့ ပါတယ် ။

 

နယူးကာဆယ် ကလည်း ပထမပိုင်းမှာ ၁-၀ နဲ့ ရှုံးနိမ့် နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်လည် သွင်းယူကာ ဆောက်သမ်တန် ကို အနိုင် ကစားသွားခဲ့ပါတယ် ။

ဒီနိုင်ပွဲကြောင့် နယူးတို့ အဆင့် ၃ မှာ ဆက်မြဲ နေခဲ့ပါတယ် ။

 

မန်ချက်စတာ စီးတီး ကတော့ အဓိက ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနား မပါခဲ့ပေမယ့် ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ရရှိပြီး အဆင့် ၁ နေရာကို ယာယီ တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

စီးတီး ရဲ့ အဖွင့်ဂိုးကို သွင်းပေးခဲ့တဲ့ ဟာလန်း ကတော့ ဒီရာသီမှာ ဂိုး ၅၀ ပြည့်မြောက် သွားခဲ့ပါပြီ ။

 

အန်ဖီးလ် မှာ ကစားခဲ့တဲ့ လီဗာပူး နဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် လီဗာပူး က ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ် ။
ပထမပိုင်းမှာ ၃-၁ နဲ့ ရှုံးနေတဲ့ စပါးတို့ ဒုတိယပိုင်းမှာ ၃-၃ ဖြစ်အောင် ပြန်သွင်းနိုင်ခဲ့ပေမယ့် ဂျိုတာ ရဲ့ ၉၀+၄ မိနစ်ဂိုးနဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့ပါတယ် ။

ဒီနိုင်ပွဲဟာ လီဗာပူး ကို အဆင့် ၅ ဆီ ပို့ဆောင်ပေး ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အိပ်မက်မက်နိုင်တဲ့ အနေအထား အထိ ရောက်လာခဲ့ ပါတယ် ။

 

စပါး အတွက် ဂိုးသွင်းပေးခဲ့တဲ့ ဟယ်ရီကိန်း ကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၈ ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲ သမိုင်းရဲ့ ဒုတိယ အများဆုံး ကစားသမား ဝိန်းရွန်းနီ နဲ့ အရေအတွက် တူညီသွားခဲ့ပါတယ် ။

 

ဒီတပတ် ပွဲစဉ်တွေ အပြီးမှာတော့ ဆောက်သမ်တန် တန်းဆင်းရဖို့ အလားအလာ အလွန်များလာ ခဲ့ပြီး လိဒ် ၊ နော်တင်ဟမ် ဖောရက်စ် တို့ကလည်း တန်းဆင်းအန္တရာယ် ကြီးမားလာခဲ့ကြပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ နာပိုလီ ဟာ အိမ်ကွင်းမှာ ဆလာနီတာနာ အသင်းကို ၁ ဂိုးစီ သရေ ကစားခဲ့တာကြောင့် အမှတ်ပေး ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ကို ဆိုင်းငံ့လိုက်ရပါတယ် ။

အစောပိုင်းပွဲစဉ်မှာ အင်တာမီလန် က လာဇီယို ကို အနိုင်ကစား လိုက်တာကြောင့် ဆလာနီတာနာ ကို အနိုင်ရရုံနဲ့ စီးရီးအေ ဖလား ကိုင်မြှောက်ရမယ့် နာပိုလီ ဟာ ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ် ။

 

အင်တာမီလန် ကတော့ အဆင့် ၄ ကို တက်လှမ်း လာခဲ့ပြီး အေစီ ၊ ရိုးမား တို့နဲ့ အမှတ်တူ ၊ အကျိတ်အနယ် ဖြစ်လာခဲ့ ပါတယ် ။

 

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ ဒေါ့မွန် ရဲ့ သရေကျမှုကို အခွင့်အရေး ယူကာ ဟာသာဘာလင် ကို ၂-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ ကို ပြန်လည် သိမ်းပိုက်လိုက်ပါတယ် ။

ရာသီကုန်ဖို့ ၄ ပွဲသာ လိုတော့ချိန် မှာတော့ ဘိုင်ယန် က ဒေါ့မွန် အထက် ကနေ ၁ မှတ်အသာ နဲ့ ရပ်တည်နေပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း မှာတော့ အဆင့် ၁ က PSG ဟာ အိမ်ကွင်းမှာ လိုရီးရန့် အသင်းကို ၃-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆင့် ၁ ကနေ အမှတ်ဖြတ်ထားဆဲ ပါပဲ ။

 

စပိန်မြေပေါ်မှာတော့ ဘာစီလိုနာ အမျိုးသမီး အသင်းဟာ အမျိုးသမီး အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ချဲလ်ဆီး ဟာ ဘိုင်ယန်မှာ အဆင်မပြေ ဖြစ်နေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် CEO အိုလီဗာခန်း ကတော့ သူဟာ ရာထူးကနေ နှုတ်ထွက် သွားမှာ မဟုတ်ဘဲ လာမယ့် ရာသီမှာလည်း ဘိုင်ယန်မှာ ဆက်ရှိနေဦးမယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ရိုနယ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ ဟာ ဆီဗီးလား မှာ အငှားသွား ကစားနေတဲ့ မန်ယူနိုက်တက် နောက်ခံလူ အဲလက်စ် တဲလက်စ် ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

 

ခီလီယံ အမ်ဘာပေ ကတော့ ဖရန့်ဖတ် မှာ ကစားနေတဲ့ ပြင်သစ် တိုက်စစ်မှူးလေး ကိုလို မူအာနီ ကို PSG ထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်း ပြောဆိုနေတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR