လီဗာပူးကို ပြောင်းရွေ့ရန် မန်စီးတီးစတားကို တိုက်တွန်းလိုက်တဲ့ ဒါရင်းဘန့်

စပါး တိုက်စစ်မှုးဟောင်း ဒါရင်းဘန့်က ကယ်ဗင်ဖီးလစ် အနေနဲ့ မန်ချက်စတာစီးတီးမှာ အမေ့ခံလူသား ဖြစ်လာမယ့် အရေးကို ရှောင်ရှားနိုင်ဖို့အတွက် လီဗာပူးကို ပြောင်းရွေ့ရန် စဉ်းစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဖီးလစ်ဟာ လိဒ်ယူနိုက်တက်မှာတုန်းက ကလပ်ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ အပြင် အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း ဆောက်ဂိတ် အတွက် အရေးပါတဲ့သူ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွေ့ခဲ့ပြီးနောက် အရာအားလုံးဟာ ၎င်းထင်ထားခဲ့တဲ့ အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒဏ်ရာပြသနာတွေ ၊ ပုံစံကောင်း ပျောက်ဆုံးမှုတွေကြောင့် ဖီးလစ်ဟာ ကလပ်မှာ ပွဲကစားခွင့် အနည်းငယ်သာ ရထားခဲ့ပြီး ရိုဒရီရဲ့ အရန် အဖြစ်သာ ရပ်တည်နေပါတယ်။ လီဗာပူးဟာ နွေရာသီမှာ ကွင်းလယ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမှာ ဖြစ်တာကြောင့် ဒါရင်းဘန့်က ဖီးလစ်ကို ပြိုင်ဘက် လီဗာပူးထံ ပြောင်းရွေ့ရန် အကြံပေးလိုက်တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အပြောင်းအရွေ့ သတင်းတစ်ချို့ ထွက်ပေါ်နေတဲ့ အပေါ် ဒါရင်းဘန့်က “သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်တာကြောင့် လီဗာပူးကို ပြောင်းရွေ့ခြင်းဟာ အတော်လေး လက်တွေ့ကျပါတယ်။ ဒီအပြောင်းအရွေ့ ဖြစ်လာခဲ့မယ် ဆိုရင်တော့ အုတ်အော်သောင်းနင်းတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူဟာ မန်စီးတီးကို ပြောင်းရွေ့ခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘ၀က နောက်ပြန်ဆွဲသွားခဲ့ပါတယ်။

သူဟာ အင်္ဂလန် နဲ့ လိဒ်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ အနေအထားကနေ မန်စီးတီးကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးမှာတော့ ထင်ထားသလို ဖြစ်မလာခဲ့ဘဲ သူဟာ ပွဲကစားခွင့် မရဘဲ ဖြစ်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ရေးပါလာ ကတော့ “သူ့လို ကစားသမားမျိုး မန်စီးတီးမှာ ရှိခဲ့ပါသေးတယ်။ ဂျက်ရော့ဝဲလ်ပါ။ သူတို့ရဲ့ အခြေအနေက တူတူပါပဲ။ ဖီးလစ် အနေနဲ့ မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် ရချင်တာကြောင့် အပြင်းအထန် လေ့ကျင့်ပေမယ့်လည်း ပြသနာက ရိုဒရီ ရှိနေတဲ့ ကွင်းလယ်မှာ နေရာရနိုင်ဖို့ မလွယ်ကူတဲ့ ကိစ္စပါ။ မန်စီးတီးမှာ ပွဲကစားခွင့်တွေ ရဖို့ သိပ်ပြီး အခွင့်အရေး မရှိပါဘူး။

ဖီးလစ် အဲဒီကို ပြောင်းရွေ့ခဲ့တာဟာ အမှားတစ်ခုလို့ ဆိုလို့ ရပါတယ်။ ဒါပေမယ့် မန်စီးတီး ဘက်က ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ squad player ကို လိုအပ်နေတာပါ။ ဒါပေမယ့် ကွင်းလယ်ရဲ့ အဓိက ကစားသမားတွေက ဒဏ်ရာ သိပ်မရတာကြောင့် ဖီးလစ် အတွက် အခွင့်အရေး မရှိခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။