ဂိုးမိုးရွာတဲ့ ဥရောပ ရဲ့ နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ ထိပ်သီးလိဂ် ပွဲစဉ် အတော်များများမှာ သွင်းဂိုးတွေ များပြားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် မှာဆိုရင် ပဲလေ့စ် နဲ့ ဝက်စ်ဟမ်း တို့ရဲ့ စနေည အဖွင့် ပွဲစဉ်ဟာ နှစ်သင်းပေါင်း သွင်းဂိုး ၇ ဂိုးအထိ ရှိခဲ့ပြီး အိမ်ရှင် ပဲလေ့စ် က ၄-၃ နဲ့ အနိုင်ရရှိ သွားခဲ့ ပါတယ် ။

 

ဘရိုက်တန် ကလည်း ဝုဗ် အသင်းကို ဂိုးဒါဇင်ဝက် သွင်းကာ ၆-၀ နဲ့ အနိုင်ရခဲ့ပြီး ဘရန့်ဖိုဒ့် ကတော့ တန်းဆင်းဇုန် ထဲက နော်တင်ဟမ် ဖောရက်စ် အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ် ။

 

စပိန် လာလီဂါ မှာလည်း ရီးရဲမက်ဒရစ် ရော ဘာစီလိုနာပါ ၄ ဂိုးစီ သွင်းပြီး အနိုင်ရခဲ့ကြပါတယ် ။

ရီးရဲ မက်ဒရစ် က အယ်မာရီယာ အသင်းကို ၄-၂ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူးကြီး ဘန်ဇီးမား က ဟက်ထရစ် သွင်းယူခဲ့ ပါတယ် ။

 

ဘာစီလိုနာ ကတော့ အိမ်ကွင်းမှာ ရီးရဲဘက်တစ် အသင်းကို ၄-၀ နဲ့ အနိုင် ကစားခဲ့တာ ဖြစ်ပြီး ခရစ်ရှန်ဆန် ၊ လီဝန်ဒေါ့စကီး ၊ ရာဖင်ညာ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ် ။

ကျန် ၁ ဂိုးကတော့ ဘက်တစ် ကစားသမားက Own Goal သွင်းမိခဲ့တာပါ ။

 

အဆိုပါ ပွဲမှာ လူစားဝင် ကစားခဲ့တဲ့ အကယ်ဒမီ ကစားသမားလေး လာမိုင်း ယာမဲ ဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ အသက် အငယ်ဆုံး စီနီယာ ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ ပါတယ် ။

 

အီတလီ စီရီးအေမှာတော့ ရိုးမား နဲ့ အေစီမီလန် တို့ ၁ ဂိုးစီ သရေကျခဲ့ကြပါတယ် ။

၂ သင်းစလုံး မိနစ် ၉၀ အလွန်မှ ဂိုးတွေ ရခဲ့ကြတာ ဖြစ်ပြီး ရိုးမားက ၉၀+၃ ၊ အေစီမီလန် က ၉၀+၇ မိနစ်တွေမှာ ဂိုးတွေ သွင်းယူခဲ့ကြတာပါ ။

 

ဒီသရေ ပွဲကြောင့် တိုရီနို ကို အဝေးကွင်းမှာ အနိုင် ကစားခဲ့တဲ့ အတ္တလန်တာ ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အိပ်မက်တွေ အသက်ဝင်လာခဲ့ ပါတယ် ။

၃၂ ပွဲစီ ကစားအပြီးမှာ အေစီမီလန် က ၅၇ မှတ်နဲ့ အဆင့် ၄ ၊ ရိုးမားကလည်း ၅၇ မှတ်နဲ့ အဆင့် ၅ နေရာတွေမှာ ရပ်တည်နေကြပြီး အတ္တလန်တာ ကတော့ ၅၅ မှတ်နဲ့ ချဉ်းကပ်လာခဲ့ ပါတယ် ။

 

ရိုးမား အမျိုးသမီး အသင်းကတော့ မနေ့ညက ပွဲစဉ် အပြီးမှာ အမျိုးသမီး စီးရီးအေ ချန်ပီယံ ဖြစ်လာခဲ့ပါတယ် ။

ဒါဟာ သူမတို့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့တာပါပဲ ။

 

ချဲလ်ဆီး အသင်းဟာ တော့တင်ဟမ် ဟော့စပါး နဲ့ ဆောက်သမ်တန် တို့မှာ လုပ်ကိုင် ခဲ့ဖူးတဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ပေါလ် မစ်ချယ် ကို ငှားရမ်းဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ ကစားသမား အများစုဟာ မနှစ်တုန်းက အငှားလာရောက် ကစားခဲ့တဲ့ ချဲလ်ဆီး တိုက်စစ်မှူးကြီး အော်ဘားမီးယန်း ကို အသင်းထံ ပြန်လာစေဖို့ ဆန္ဒ ရှိကြတယ်လို့ ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးတဲ့ အိုင်ယက်စ် ခံစစ်မှူး တင်းဘား က သူဟာ အပြောင်းအရွှေ့ ပြုလုပ်ဖို့ နီးကပ်နေပါပြီလို့ ဒွိဟဖြစ်စေတဲ့ စကားကို ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူရေးမှာ ဗြိတိန် ဘီလီယံနာကြီး ဆာ ဂျင်ရတ်ကလစ်ဖ် က ပိုမို အလေးသာနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဂျင် ရတ်ကလစ်ဖ် ဟာ အသင်းရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး ဂလေဇာ မိသားစုကတော့ ရှယ်ယာရှင်တွေ အဖြစ် ဆက်လက် ရှိနေမယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR