တန်းဆင်းဇုန် အန္တရာယ် စိုးရိမ်နေကြတဲ့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ် ပေးသွားတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရန်းဖို့ဒ် အသင်းကို ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းတွင်းမှ ကျယ်လောင်တဲ့ boo အသံတွေ ထွက်လာခဲ့ပါတယ် ။ ဒါဟာ ဒီရာသီ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်း ပထမဆုံး အကြိမ် ကြားရတဲ့ boo အသံတွေတော့ မဟုတ်ပါဘူး ။

ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ ရာသီပိတ်သိမ်းဖို့ လက်ကျန် ၆ပွဲ အလို တန်းဆင်းဇုန်နဲ့ ၁၀မှတ် အကွာကို ရောက်လာပြီး ၊ ဒါဟာ ၎င်းတို့အတွက် ပရီးမီးယားလိဂ် သမိုင်းတလျှောက် တန်းဆင်းဇုန်နဲ့ အနီးကပ်ဆုံး အနေအထား ဖြစ်ပါတယ် ။ ဒီအပေါ် စိုးရိမ်ပူပန်နေကြတဲ့ ပရိသတ်တွေထံ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်က အခုလို မက်ဆေ့ချ်ပေးသွားပါတယ် ။

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ် က ” သူတို့ လုံးဝ စိုးရိမ်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ ချဲလ်ဆီး ပရိသတ် တဦး ဖြစ်ပြီး ၊ လွန်ခဲ့တဲ့ အနှစ် ၂၀လုံးကို အောင်မြင်မှုတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သလို ၊ ခုထက် ပိုပြီးလည်း အောင်မြင်ချင်ကြလို့ပါ ။ ပရိသတ်တွေ boo လုပ်တာနဲ့ ပတ်သက်ပြီး ကျွန်တော့မှာ ဘာပြဿနာမှ မရှိပါဘူး ။ ”

” ပရိသတ်တွေကို ဆန့်ကျင်ပြီး ၊ သူတို့ boo မလုပ်ဖို့ ကျွန်တော် ဒီမှာထိုင်ပြီး တောင်းဆိုနေမှာ မဟုတ်ပါဘူး ။ ခင်ဗျားဟာ ဒီမေးခွန်းမျိုး အထုတ်ခံနေရတာပါ ။ ကျွန်တော်ဟာ ကစားသမားတွေဖက်က ကာကွယ်ပေးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ခြေစွမ်းပြချင်ကြတဲ့ လူငယ်တွေ ဖြစ်တာ ကျွန်တော် သိလို့ပါ ။ ”

” အသင်း အတွင်းမှာ ယုံကြည်မှု ပြဿနာတွေ ရှိနေလား ? ရှိပါတယ် ။ အသင်း အတွင်း ဟန်ချက်မညီတဲ့ ပြဿနာ ရှိနေလား ? ရှိကောင်းရှိပါတယ် ။ ဒါပေမယ့် လူတွေ ကျွန်တော်တို့ အခြေအနေကို နားမလည်တဲ့ အကြောင်း ကျွန်တော် ပြောတဲ့အခါ လူတိုင်းကို ကျွန်တော် တိုက်ခိုက်ပြောဆိုနေမှာ မဟုတ်သလို ၊ သူတို့ကို နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နားလည်နိုင်ဖို့ မျှော်မှန်းနေမှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် ဒါနဲ့ အလုပ်လုပ်မယ်ဆိုရင် ဒီအကြောင်း ပရီးမီးယားလိဂ်မှာ နားလည်နိုင်ရပါမယ် ။ ဘရန်းဖို့ဒ်ကို တည်ကန်ဘောတွေ ၊ အဝေး လက်ပစ်ဘောတွေလောက်နဲ့ ဂိုးရဖို့ ကြိုးစားမယ် ၊ ဒါဆို ကျန်တဲ့အချိန် ကိုယ်လုပ်ချင်သလို လုပ်လို့ရမယ် ဆိုပြီး ခင်ဗျား ထင်နေရင် ၊ ဒီလို မရတဲ့ အကြောင်း ပြောပါရစေ ။ ”

” အခုလို ယုံကြည်မှု ပျောက်ဆုံးနေချိန်မှာ နိုင်ပွဲတပွဲ ရဖို့ ခက်ခဲပါတယ် ။ ခင်ဗျားတို့ ပြောသလို ကျွန်တော်ဟာ ကစားသမားတွေကို အပြစ်တင် အော်ငေါက်နေတာမျိုး မလုပ်ပဲ ရှောင်လွှဲနေတယ် ဆိုတာလည်း လုံးဝမဟုတ်ပါဘူး ။ သူတို့ ဒီရလဒ် အပေါ် စိတ်ပျက်နေကြတာကို ကျွန်တော့ဖက်က ခွန်အားပေးချင်တဲ့ သဘောပါပဲ ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီနေ့ပွဲကို အနိုင်ရချင်ပြီး ၊ တကယ်လည်း ကြိုးစား စွမ်းဆောင်ပေးခဲ့လို့ပါ ။ ”

” ကျွန်တော့ အမြင် အသင်းသားတွေဟာ ဒီနေ့ပွဲကို တကယ် အနိုင်ရချင်တဲ့ပုံ ပေါ်ခဲ့ပါတယ် ။ သူတို့မှာ ယုံကြည်မှု ပျောက်ဆုံးနေလား ? ဟုတ်ပါတယ် ။ ပြိုင်ဖက်ရဲ့ final third zone မှာ အလှည့်အပြောင်း လုပ်ကစားနိုင်သလား ? မကစားနိုင်ခဲ့ပါဘူး ။ ကျွန်တော် ဒီကို ရောက်မလာခင်ကတည်းက ဒါမျိုး ဖြစ်နေတာလား ? မဟုတ်ပါဘူး ။ ”

” ဒီတော့ အခြေအနေတွေဟာ နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်တာကြောင့် ကျွန်တော်တို့ ရှေ့ဆက်ကြိုးစားနေဖို့ လိုပါတယ် ။ ပရိသတ်တွေ boo လုပ်ခဲ့ကြတာကို ကျွန်တော် နားလည်ပါတယ် ။ ဒီနေ့ပွဲမှာ ပရိသတ်တွေ အနိုင်ရဖို့ ယုံကြည်မှု မရှိနေကြဘူးလို့ ပြောတဲ့သူတိုင်း မှန်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ ”

” သူတို့ ကျွန်တော်တို့ကို နိုင်စေချင်ပါတယ် ။ ကျွန်တော်တို့ နိုင်ရင် သူတို့ အောင်ပွဲခံ ၊ လက်ခုပ်တီး အားပေးကြပါတယ် ။ ကျွန်တော်တို့ ရှုံးတဲ့အခါမှာတော့ သူတို့ စိတ်ပျက်ကြတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR