ဗက်ဟော့စ် ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တဲ့ အဲရစ်တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာ ဘရိုက်တန် ကို အနိုင် ကစားခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်က ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာ တိုက်စစ်မှူး ဗောက် ဗက်ဟော့စ် ရဲ့ တောင်းဆိုမှု ကို ငြင်းပယ် ချခဲ့ပါတယ် ။

ယူနိုက်တက် ဟာ ဘရိုက်တန် ကို ပင်နယ်တီ ၇-၆ နဲ့ အနိုင် ရရှိပြီး ဝင်ဘာလေ ကွင်းကြီးအတွင်း ဇွန်လ ၃ ရက်နေ့ မှာ ကျင်းပမယ့် ဗိုလ်လုပွဲဆီ အရောက်လှမ်း နိုင်ခဲ့ ပါတယ် ။

 

ပွဲချိန်ပြည့် ဂိုးမရှိ သရေကျခဲ့တဲ့ ဒီပွဲမှာ တဘက် ၆ လုံးစီ ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်ခဲ့ကြပြီး ၇ ကြိမ်မြောက်မှာ ဘရိုက်တန် ဘက်က ဆိုလီ မတ်ချ် ရဲ့ ကန်ချက် မိုးပေါ်ထောင်ထွက် သွားခဲ့တာကြောင့် ယူနိုက်တက်တို့ အသာရခဲ့ကာ ဗစ်တာ လင်ဒီလော့ဖ် ရဲ့ ပင်နယ်တီ ဝင်အပြီးမှာတော့ အဲရစ်တန်ဟတ် နဲ့ သူ့ရဲ့ ကစားသမားတွေ အောင်ပွဲ ခံခဲ့ကြပါတယ် ။

 

ဇန်နဝါရီကမှ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာခဲ့တဲ့ နယ်သာလန် တိုက်စစ်မှူး ဗက်ဟော့စ် ဟာ အသင်းရဲ့ ပထမ ပင်နယ်တီ ၅ လုံးကို ပါဝင် ကန်သွင်းချင်ခဲ့ ပေမယ့် အဲရစ်တန်ဟတ်က သူ့ရဲ့ မူလ အစီအစဉ် ကို မပြောင်းလဲခဲ့ပါဘူး ။

ကက်စမဲရိုး ၊ ဒါးလော့ ၊ ဆန်ချို ၊ ရက်ဖိုဒ့် ၊ ဆာဘစ်ဇာ တို့ဟာ ယူနိုက်တက် ရဲ့ ပင်နယ်တီ ၅ လုံးကို ကန်ခဲ့ကြပြီး ဗက်ဟော့စ် ကတော့ ၆ လုံးမြောက် ပင်နယ်တီ ကို ကန်သွင်းခဲ့ရပါတယ် ။

 

“ကျွန်တော် တလုံးလောက် ကန်ချင်ခဲ့တာပါ ၊ ပထမ ၅ လုံးထဲက တလုံးပေါ့ ။ ဒါပေမယ့် နည်းပြကပဲ ဆုံးဖြတ် ပေးရတဲ့သူပါ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကန်ရတဲ့ အလှည့် ရောက်လာပြီး ဝင်အောင် ကန်နိုင်ခဲ့လို့ ဝမ်းသာပါတယ် ။ အသင်းလည်း အနိုင်ရခဲ့တာက တကယ်ကောင်းတဲ့ ခံစားချက်ပါပဲ” လို့ ဗက်ဟော့စ် က ပွဲအပြီးမှာ အင်တာဗျူးသမားတွေကို ပြောပြသွားခဲ့ ပါတယ် ။

 

ဆက်လက်ပြီး ဗက်ဟော့စ် က ယူနိုက်တက် ဟာ ယူရိုပါလိဂ်က ထွက်ခဲ့ရလို့ စိတ်ပျက် ဝမ်းနည်းခဲ့ ပေမယ့် အခု ဖလားကို အာရုံစူးစိုက်မှု အပြည့်နဲ့ ယှဉ်ပြိုင် ကစားသွားခဲ့တာ ဖြစ်ကြောင်း ၊ ဒီဆုဖလား ဟာလည်း အသင်းအတွက် အရေးကြီးတဲ့ ဖလား တခု ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဗိုလ်လုပွဲမှာ ပက် ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ ။

 

SPORTS MYANMAR