ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့ပြီး ၊ ၂နှစ် ဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ် ။ အထူးသဖြင့် ကစားသမားနဲ့ နည်းပြ အဝင်အထွက် များစွာ ဖြစ်ပေါ်ခဲ့ခြင်းက အသင်းရဲ့ တည်ငြိမ်မှုကို အတော်လေး ပျက်ပြားသွားစေခဲ့ပါတယ် ။
ယခုနှစ် ရာသီ ချဲလ်ဆီးကို ကိုင်တွယ်နေတဲ့ နည်းပြ အန်ဇို မာရက်စ်ကာဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ၅ယောက်မြောက် နည်းပြလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ယင်းအီတလီသားရဲ့ နည်းစနစ် ၊ အိုင်ဒီယာတွေနဲ့ လိုက်ဖက် ကိုက်ညီမယ့် ကစားသမားတွေကိုလည်း ချဲလ်ဆီး ပိုင်ရှင်တွေက ဖြည့်တင်းထားပါတယ် ။
၃နှစ်အတွင်း ချဲလ်ဆီးရဲ့ တာထွက်ဟာ ဒီနှစ်မှာ အကောင်းဆုံး ဖြစ်ပြီး ၊ ၆ပွဲ ကစားထားအပြီး ခြင်္သေ့ပြာတို့ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာ အထိ တက်လှမ်းထားကာ ၊ ၎င်းတို့ ချန်ပီယံလိဂ် ဝင်ခွင့်ကို တဖန် ပြန်လည် စိန်ခေါ်ဖို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လို့ လာပါတယ် ။
ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်းလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကတော့ သူ့အသင်းဟောင်းဟာ ပိုင်ရှင်သစ်တွေ လက်ထက် ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် စိန်ခေါ်ဖို့ အခြေအနေကောင်း တရပ်ကို ပိုင်ဆိုင်ထားကြောင်း ခန့်မှန်း သုံးသပ်သွားပါတယ် ။
TNT Sport နဲ့ တွေ့ဆုံရာမှာ လမ်းပတ် က ” သူတို့ဟာ ငယ်ရွယ်ကြပါတယ် ။ ဒါက အမှန်တရားပါပဲ ။ ဒီလူငယ်အသင်းနဲ့ဆို ကြီးမားတဲ့ တည်ငြိမ်မှု တခု ရဖို့ ဘယ်တော့မှ မလွယ်ပါဘူး ။ ဒီလူငယ်တွေနဲ့ အောင်မြင်မှုတွေ ရဖို့ဆိုလည်း လွယ်ကူမှု မရှိပါဘူး ။ ဒါပေမယ့် ဒါဟာ ချဲလ်ဆီးဖက်က ရွေးချယ်လိုက်တဲ့ လမ်းစဉ်ပါပဲ ။ ”
” လောလောဆယ် သူတို့ ရရှိထားတဲ့ ရာသီသစ် စတင်ပုံကို ကြည့်ရင်တော့ သူတို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်လို့ ခံစားရပါတယ် ။ သူတို့မှာ ပင်ကိုအရည်အသွေးတွေ ရှိတဲ့ လူငယ် ကစားသမားတွေ အများကြီး ရှိပါတယ် ။ အထူးသဖြင့် တိုက်စစ် နေရာတွေမှာပေါ့ ။ ”
” သူတို့မှာ ပွဲအတွင်း အပြောင်းအလဲ လုပ်နိုင်တဲ့ ၊ လန်းဆန်းမှုတွေ ပေးနိုင်တဲ့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ် ။ ၂နှစ် ၊ ၃နှစ်ကြာ အပြောင်းအလဲ ကာလနဲ့ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းပြီးနောက် သူတို့မှာ ပိုင်ရှင် ၊ မန်နေဂျာတွေ ၊ ကစားသမားတွေနဲ့ လူစာရင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ် ။ ”
” သူတို့ဟာ ဒီကာလအတွင်း ဘာမှ မပြိုင်ဆိုင်နိုင်ခဲ့တာက နားလည်ပေးလို့ ရပါတယ် ။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ Top 4 ကို ပြန်လည် စိန်ခေါ်ဖို့ နေရာကောင်း တခုမှာ ရောက်ရှိနေပြီလို့ ကျွန်တော် ခံစားရပါတယ် ။ ချဲလ်ဆီးလို အသင်း အနေနဲ့ ရှိနေဖို့ မျှော်မှန်းရတဲ့ နေရာမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR