ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း မလိုအပ်တော့တဲ့ ၊ ပိုလျှံနေခဲ့တဲ့ ကစားသမား တော်တော်များများကို ရောင်းချ ၊ အငှားချနိုင်ခဲ့ပေမယ့် ၊ ဈေးကွက် ပိတ်သိမ်းသွားတဲ့ အချိန်အထိ ဘာမှ လှုပ်ရှားခွင့် မရလိုက်တဲ့ ကစားသမား အနည်းငယ်လည်း ကျန်ရစ်သွားခဲ့ပါတယ် ။
ထိုအထဲမှာ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ နည်းစနစ်မှာ အံဝင်မှု ရှိမနေတဲ့ စီနီယာ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ အသင်း မပြောင်းလိုက်ရလို့ ၊ ယင်းအင်္ဂလန်သားဟာ ချဲလ်ဆီးရဲ့ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် အပြီးသတ် ကစားသမားစာရင်းမှာ ထည့်သွင်း မှတ်ပုံတင်ခြင်းခံခဲ့ရပါတယ် ။
အင်္ဂါနေ့ညက ကစားသွားတဲ့ လိဂ်တူးကလပ် ဘာရိုး အသင်းနဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာတော့ ချေဝဲလ်ဟာ ယခုနှစ် ရာသီ ၄၅မိနစ်စာ ဒုတိယပိုင်း လူစားဝင် ကစားခွင့်ကို စတင် ရရှိခဲ့ပြီး ၊ စီနီယာ တဦး အနေနဲ့ ခေါင်းဆောင် တဦး အနေနဲ့ ပြုမူပြနိုင်ခဲ့ပါတယ် ။
သို့ပေမယ့် ချေဝဲလ်ဟာ မာရက်စ်ကာရဲ့ အစွန် နောက်ခံလူ ဦးစားပေးအဆင့် အရ နောက်ဆုံးမှာပဲ ရှိနေသေးတာမို့ ၊ အရေးပေါ် အခြေအနေ မဟုတ်ရင် ၊ ၎င်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ကစားခွင့် ရဖို့ အလားအလာက နည်းပါးနေပါသေးတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာ က ချေဝဲလ် အတွက် လမ်းဖွင့်ပေးထားကြောင်းကို ” ဟုတ်ပါတယ် ။ လောလောဆယ်မှာ ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့ အရာပါပဲ ။ သူ ဘာလို့ ပရီးမီးယားလိဂ်မှာ ကစားခွင့် မရနိုင်ရမှာလဲ ? ကျွန်တော် အရင်က ဒီအကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပြီး ၊ အခုလည်း ကျွန်တော် နောက်တခါ ထပ်ပြောပါမယ် ။ ”
” ချီလီဟာ ချဲလ်ဆီး ကစားသမား တယောက်ပါ ။ သူဟာ ကျွန်တော်တို့ရဲ့ အသင်းသား တဦး ဖြစ်ပြီး ၊ လိုအပ်ရင် ကျွန်တော်တို့ သူကို အခွင့်အရေးတွေ ၊ ကစားခွင့် မိနစ်တွေ ပေးသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ချေဝဲလ်နဲ့ ပတ်သက်ကာ သူ ဆုံးဖြတ်ချက် အမှား လုပ်ခဲ့သလား ဆိုတဲ့ အမေး အပေါ် မာရက်စ်ကာက အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။
မာရက်စ်ကာ က ” ကျွန်တော်တို့ အားလုံး အမှားတွေ ကျူးလွန်တတ်ကြပါတယ် ။ ကျွန်တော်တို့ ချီလီနဲ့ ပတ်သက်ပြီး အမှားလုပ်ခဲ့တာ ဖြစ်နိုင်သလို ၊ မလုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော် မသိပါဘူး ။ ”
” ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွေမှာ ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပါတယ် ။ ကျွန်တော်ဟာ ဆုံးဖြတ်ချက်တွေ ချဖို့ ဒီအသင်းမှာ ရှိနေတာပါ ။ တခါတလေမှာ ဒါတွေက ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သလို ၊ တခါတလေမှာလည်း မကောင်းနိုင်ပါဘူး ။ ”
” ကျွန်တော် ပြောနိုင်တဲ့ တခုတည်းသော အရာက ဒီဆုံးဖြတ်ချက်တွေမှာ ကျွန်တော့ဆီက ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ တခုမှ မပါခဲ့ဘူး ဆိုတာပါပဲ ။ ဒါက ကလပ် အတွက် အကောင်းဆုံး ဖြစ်စေမယ့် အရာတွေကို စဉ်းစားပေးဖို့ ၊ ကြိုးစားဖန်တီးပေးဖို့ သက်သက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR