ချဲလ်ဆီး စတား တဦးဟာ ပေါင်သန်း ၁၅၀တန် ကစားသမား တယောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းသွားတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ဂိုး သွင်းယူခဲ့ပြီး ၊ ဒီရာသီမှာလည်း ၅ပွဲ ကစားထားချိန် ၄ဂိုး သွင်းထားကာ ၊ ၎င်းရဲ့ ဂိုးတွေမှာ ပင်နယ်တီ တလုံးမှာ မပါဝင်ပါဘူး ။

ဒီစွမ်းဆောင်ရည်တွေကြောင့် ဂျက်ဆင်ဟာ ခြင်္သေ့ပြာတို့ရဲ့ အားအထားရဆုံး စတား ဖြစ်တဲ့ ကိုးလ်ပါလ်မာ နည်းတူ ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်ခ်က ဂျက်ဆင်သာ ဒီပုံစံကောင်းကို ရေရှည်မှာ ဆက်ထိန်းနိုင်ရင် ပေါင်သန်း ၁၅၀တန် ကစားသမား တယောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ် ။

Genting Casino နဲ့ တွေ့ဆုံရာမှာ ဟက်ဆယ်ဘိန့်ခ် က ” ကျွန်တော်ဟာ နီကိုးလက်စ် ဂျက်ဆင်ကို အတော်လေး နှစ်သက်ပါတယ် ။ ဒါက သူ ချဲလ်ဆီးမှု ကစားနေတာ တခုတည်းကြောင့် မဟုတ်ပါဘူး ။ ပြိုင်ဖက် နောက်ခံလူတွေကို သူ အတော်လေး ဒုက္ခပေးနိုင်တာကြောင့်လည်း ပါပါတယ် ။ ”

” သူဟာ ပြီးခဲ့တဲ့ ရာသီက ၁၄ဂိုး သွင်းခဲ့ပါတယ် ။ ဒါဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ဘောလုံး ရာသီ ဖြတ်သန်းခဲ့ရတဲ့ တိုက်စစ်မှူး တယောက် အတွက် မဆိုးပါဘူး ။ သူ သွင်းခဲ့တဲ့ ဂိုးတွေဟာ ၃ – ၀ ၊ ၄ – ၀ နဲ့ နိုင်တဲ့ပွဲတွေမှာပဲ ရှိခဲ့တာပါ ။ ဒီတော့ အသင်းက အမှန်တကယ် လိုအပ်တဲ့ အချိန် ဂိုးတွေ သွင်းနိုင်ဖို့က သူ့အတွက် စိန်ခေါ်မှု ဖြစ်ပါတယ် ။ ”

” ဒီရာသီမှာတော့ သူ ဒါကို စတင် လုပ်ပြနေပါပြီ ။ ဒါဟာ တိုက်စစ်မှူး တယောက် အမှန်တကယ် ပိုက်ဆံရှာတဲ့ အချိန်ပါပဲ ။ အသင်း အနိုင်ရဖို့ ဖိအားက ခင်ဗျားရဲ့ ပခုံးပေါ် ကျတဲ့အချိန်ပေါ့ ။ အပတ်တိုင်း သူ ဒီဖိအားဒဏ်ကို ကိုင်တွယ်နိုင်တာ ကျွန်တော် မြင်ချင်ပါတယ် ။ ”

” သူဟာ ထိပ်တန်း တိုက်စစ်မှူး တယောက် အသွင်ဆီ ရောက်လာဖို့ အမှန်တကယ် တိုးတက်နေပါတယ် ။ နီကိုးလက်စ် ဂျက်ဆင်နဲ့ အာလင်း ဟာလန်းတို့ဟာ အသက်အရွယ် တူတူလောက်ပါပဲ ။ အဓိက ကွာခြားသွားတာက ဟာလန်းဟာ ချန်ပီယံလိဂ်မှာ အတွေ့အကြုံ အများကြီး ပိုရှိတာပါပဲ ။ ”

” သူဟာ ဆဲလ်ဇ်ဘာ့ဂ်မှာကတည်းက ဒီအဆင့်မှာ ကစားလာခဲ့တာ ဖြစ်ပြီး ၊ ဂျက်ဆင်ကတော့ ဒါမျိုး မလုပ်ပြရသေးပါဘူး ။ ဒါဟာ ဂျက်ဆင် အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သတ်မှတ်ခံရဖို့ အတွက် လုပ်ပြရမယ့် အရာပါပဲ ။ သူဟာ ပြိုင်ပွဲ အဆင့်အတန်း အမြင့်ဆုံး အနေအထားမှာ ဂိုးတွေ ပုံမှန် သွင်းပြဖို့ လိုပါတယ် ။ ”

” ဒါက သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ဖြစ်ပေမယ့် ၊ သူ့မှာ ဒီအဆင့် ရောက်ဖို့ အလားအလာ ရှိပါတယ် ။ ဂျက်ဆင်သာ ဒီအလားအလာကို ဖြည့်ဆည်းနိုင်ရင် သူဟာ ပေါင်သန်း ၁၅၀တန် ကစားသမား တယောက် ဖြစ်လာမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ သူဟာ အရာရာ လုပ်ပြနိုင်မယ့် အလားအလာကောင်း ပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက်ပါ ။ ”

” သူဟာ ပင်နယ်တီ ဧရိယာ ပြင်ပမှာလည်း ကစားနိုင်ပါတယ် ။ ဘောလုံး စွမ်းရည်လည်း ကောင်းပါတယ် ။ ဒါတွေက အာလင်း ဟာလန်း အမှန်တကယ် မလုပ်ပြနိုင်တဲ့ အရာတွေပါပဲ ။ ဂျက်ဆင် အနေနဲ့ နားလည်ထားရမှာက ကစားကွက်တည်တဲ့ အချိန်ဆို တခါတလေ သူ လုပ်ပြချင်နေတဲ့ အရာတွေ များလွန်းနေတာပါပဲ ။ သူ ဒါမျိုးတွေ လုပ်ဖို့ မလိုပါဘူး ။ ”

” တခါတလေ အကောင်းဆုံး နည်းလမ်းက one-two လေး ချိတ်ကစားပြီး ရှေ့တက် နေရာယူရုံပါပဲ ။ သူ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ရခဲ့တဲ့ သွင်းဂိုးက အဲလို ပုံစံမျိုးပါ ။ ဘောလုံး ရတာနဲ့ အသင်းဖော် ကွင်းလယ်လူကို ဘောလုံး ပေးတယ် ၊ ပြီးတာနဲ့ နေရာလွတ်ထဲ ပြေးဝင်တာမျိုးပေါ့ ။ ”

” ကွင်းလယ်လူက သူ့ကို မှန်ကန်တိကျတဲ့ ပေးပို့မှု လုပ်နိုင်တဲ့အခါ သူဟာ ပြိုင်ဖက် ဂိုးသမားနဲ့ တယောက်ချင်း အနေအထားဆီ ရောက်သွားပါတယ် ။ ဂျက်ဆင်မှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တယောက် ဖြစ်လာဖို့ အလားအလာ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR