ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာ လိဂ်တူးကလပ် ဘာရိုး အသင်းကို ၅ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ စတုတ္ထအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ပါတယ် ။
ဒီပွဲမှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှ ပွဲထွက်စာရင်းကို ၁၁နေရာလုံး အပြောင်းအလဲ လုပ်ကာ ၊ အဓိက ကစားသမား အားလုံး အပြည့်အဝ အနားပေးခဲ့ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး အရန်အားဟာ ဥရောပ ထိပ်တန်းအဆင့် ရှိနေဆဲ ဖြစ်ပြီး ၊ ဘာရိုး အနေနဲ့ ခုခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး ။
အိမ်ရှင် ချဲလ်ဆီးတို့ အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူက ဟက်ထရစ် ၊ တောင်ပံကစားသမား ပတ်ဒရို နက်တို့က သွင်းယူပေးခဲ့သလို ၊ ဘာရိုးဖက်က Own Goal တဂိုးလည်း ရရှိခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အန်ကွန်ကူ အတွက် ဒါက ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ် ဖြစ်သလို ၊ နွေရာသီတုန်းကနေ ဝုလ်ဗ်ကနေ ပြောင်းရွှေ့လာတဲ့ နက်တို အတွက်လည်း ဒါက ပထမဆုံး သွင်းဂိုး ဖြစ်ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာက သွင်းဂိုး ကိုယ်စီ ရခဲ့တဲ့ အန်ကွန်ကူ ၊ နက်တို အပြင် အခြားသော တိုက်စစ် ကစားသမား တဦး ဖြစ်တဲ့ ဂျိုဝေါင် ဖဲလစ်ဟာလည်း ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် ရဖို့ ထိုက်တန်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
မာရက်စ်ကာ က ” ပတ်ဒရို ၊ ခရစ်တို ၊ ဂျိုဝေါင်တို့ အတွက် ကျွန်တော် ပျော်ပါတယ် ။ သူတို့ အားလုံး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ရဖို့ ထိုက်တန်ပါတယ် ။ ဒါပေမယ့် လောလောဆယ်မှာ သူတို့ ပွဲထွက်ခွင့် မရနေကြပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့က ကစားခွင့် မိနစ်တွေ ပေးတဲ့အခါ သူတို့ ဒီအခွင့်အရေးတွေကို အသုံးချတဲ့ပုံက အံ့သြဖွယ်ပါပဲ ။ ”
” ၅မိနစ်ပဲရရ ၊ ၄၅မိနစ်ပဲရရ ၊ မိနစ် ၉၀ပဲရရ ပြဿနာ မရှိပါဘူး ။ သူတို့ အားလုံး အသင့် ဖြစ်နေကြပါတယ် ။ ဒါက အရေးကြီးဆုံး အရာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မာရက်စ်ကာက ဒီတိုက်စစ်ကြယ်ပွင့်တွေကို တပွဲတည်း အတူသုံးဖို့ အိုင်ဒီယာနဲ့ ပတ်သက်ကာ အခုလိုပဲ မှတ်ချက်ပေးလာပါတယ် ။
မာရက်စ်ကာ က ” ဒီတိုက်စစ် ကစားသမားတွေ အားလုံး အတူတွဲကစားနိုင်ကြပါတယ် ။ ဒါပေမယ့် ပြဿနာက ခံစစ်ဟန်ချက်ပါပဲ ။ ကျွန်တော်တို့ နီကိုးလက်စ် ( ဂျက်ဆင် ) ၊ ခရစ်တို ၊ ကိုးလ်ပါလ်မာ ၊ နွန်နီ ( မက်ဒူးကီ ) တို့ကို ပွဲထွက်စာရင်းထဲမှာ တပြိုင်တည်း ထည့်သုံးပြီပဲ ဆိုပါစို့ ။ ”
” ဒါဆို ဘယ်သူတွေက ခံစစ်မှာ ကစားကြမလဲ ? ခင်ဗျားနဲ့ ကျွန်တော်လား ? သူတို့ အားလုံးကို ပွဲထွက်စာရင်းမှာ တပြိုင်တည်း ကျွန်တော် ထည့်သုံးချင်တာပေါ့ ။ ဘာလို့လဲဆိုတော့ ကိုယ့်ခြေထဲ ဘောလုံး ထိန်းကစားရတာ ကျွန်တော် နှစ်သက်လို့ပါ ။ ”
” ဒါပေမယ့် ပြဿနာက ခင်ဗျား ဘောလုံး ဆုံးရှုံးတဲ့အခါ ခုခံဖို့ လုပ်ရပါတယ် ။ သူတို့ အားလုံးက တူညီတဲ့ အဆင့် တခုမှာ ခံစစ် မကစားတတ်ကြပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR