ချဲလ်ဆီး အသင်းဟာ မနေ့ည အစောပိုင်းက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းကို သက်တောင့်သက်သာ ၃ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။ ဒါဟာ နည်းပြဟောင်း သောမတ်စ် တူချယ် ခေတ်နောက်ပိုင်း ပထမဆုံး အကြိမ် အဝေးကွင်း ၃ပွဲဆက် အနိုင်ရခြင်း ဖြစ်ပါတယ် ။
ဒီပွဲမှာ ချဲလ်ဆီး အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်နဲ့ ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာက သွင်းယူပေးခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ၎င်းတို့ ၂ဦးဟာ ထိပ်တန်း စွမ်းဆောင်ရည် ပြသခဲ့ကြတယ်လို့ ချီးကျူးသွားပါတယ် ။
မာရက်စ်ကာ က ” ဒါက ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် တရပ် ဖြစ်ပြီး ၊ ကျွန်တော်တို့ အရမ်း ပျော်ရွှင်နေပါတယ် ။ ဒီကစားသမားတွေ ကျွန်တော် ဒီကို ရောက်လာကတည်းက မတူညီတဲ့ အိုင်ဒီယာတွေ ၊ မတူညီတဲ့ ကစားပုံစတိုင်လ်တွေမှာ အသားကျအောင် ကြိုးစားနေကြတဲ့ ပုံစံက တကယ့် ထိပ်တန်းအဆင့်ပါပဲ ။ ”
” နောက်ပြီး သူတို့ ဘောလုံး ခြေထဲမရှိတဲ့အချိန် ကြိုးစားပုံတွေကလည်း ထိပ်တန်းအဆင့် ရှိပါတယ် ။ နီကိုးလက်စ်နဲ့ ကိုးလ်တို့ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်မှာ ရှိခဲ့တာဟာ ဂိုးသွင်းတာ တခုတည်းတင်မဟုတ်ပါဘူး ။ ဘောလုံး ခြေထဲရှိချိန် ကြိုးစားတဲ့ ပုံစံလည်း ပါပါတယ် ။ ”
” ဒီလို ဆာလောင်မှုမျိုး လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ နားလည် သဘောပေါက်ထားရင် အရေးကြီးတဲ့အရာ တခုခု တည်ဆောက်နိုင်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျက်ဆင် ၊ ပါလ်မာလိုပဲ Deadline Day မှာ မန်ယူနိုက်တက်ကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံ ကစားသမား ဂျေဒွန် ဆန်ချိုဟာလည်း ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် ၂ပွဲဆက် ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။
ယင်းအင်္ဂလန်ကြယ်ပွင့်နဲ့ ပတ်သက်ပြီး မာရက်စ်ကာ က ” သူ ကစားတာ ကောင်းခဲ့ပါတယ် ။ ဒါက ကျွန်တော် ညွှန်ကြားခဲ့တဲ့အတိုင်း တထေရာတည်း စွမ်းဆောင်ပြခဲ့ခြင်းပါပဲ ။ ဒါမျိုး သူ့ဆီကနေ ကျွန်တော်တို့ မျှော်မှန်းထားတာပါ ။ သူဟာ ဝမ်ဘစ်ဆာကာ ရှိတဲ့ အခြမ်းကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ဂျက်ဆင်ရဲ့ ဒုတိယဂိုးကို ဖန်တီးခဲ့တဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုဟာ ပရိသတ်တွေ ကျေနပ်စေမယ့် ၊ ကလပ်စံချိန်တင် ၊ ပရီးမီးယားလိဂ် စံချိန်တင် ကြေးအများဆုံး ကစားသမား ဂုဏ်ပုဒ်နဲ့ အညီ ထိပ်တန်းအဆင့် ခြေစွမ်း ဆက်လက်ပြသနိုင်ခဲ့ပါတယ် ။
ယင်းအီကွေဒေါလက်ရွေးစင်နဲ့ ပတ်သက်ပြီးလည်း မာရက်စ်ကာ က ” ဟုတ်ပါတယ် ။ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ပါပဲ ။ ဒီနေ့ သူကစားတာ အရမ်းကောင်းခဲ့ပါတယ် ။ မွိုင်ဟာ ကျွန်တော်တို့နဲ့ အတူ စတင်အလုပ်လုပ်ကတည်းက အံ့သြဖွယ်ကောင်းတာပါ ။ ဒီနေ့မှာ သူဟာ ထိပ်တန်းအဆင့် ပုံစံမျိုး နောက်တကြိမ် ပြသခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR