ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် နောက်ဆုံးရက်မှာ အင်္ဂလန် ဝါရင့် တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို မြို့ခံပြိုင်ဖက် အာဆင်နယ် အသင်းထံ တရာသီ အငှားချခဲ့ပါတယ် ။ စတာလင်ဟာ ဒီမတိုင်ခင် တပတ်ကျော်မှာပဲ ချဲလ်ဆီးရဲ့ အပြီးသတ် ကစားသမား စာရင်းကနေ ဖယ်ရှားခံခဲ့ရပါတယ် ။
အသက် ၂၉နှစ် အရွယ်ရှိ စတာလင်ဟာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ၂နှစ် ကျန်နေသေးပြီး ၊ အာဆင်နယ်ကို အငှားသက်သက်နဲ့ ရောက်သွားတာကြောင့် ၊ ရာသီကုန်တာနဲ့ ချဲလ်ဆီးထံ ပြန်လာရဦးမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ရာသီသစ် မစတင်ခင် အပြီးသတ် ကစားသမား စာရင်းက ဖယ်ရှားခံခဲ့ရတဲ့ အပေါ် စတာလင်ရဲ့ အသိုင်းအဝိုင်းက အတော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ် ။
ဒီအတွက်ကြောင့် Statement ထုတ်ပြန်ခဲ့တဲ့ အထိ ၂ဦး၂ဖက် အခြေအနေ တင်းမာခဲ့ကာ ၊ ချဲလ်ဆီးကတော့ စတာလင်ကို အပြီးသတ် ထုတ်ရောင်းချင်ခဲ့ပေမယ့် အဆုံးမှာ အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်မယ့် အသင်း ပေါ်မလာခဲ့တာကြောင့် ၊ အာဆင်နယ်ထံသို့ အငှားပို့လိုက်ရတာ ဖြစ်ပါတယ် ။
ချဲလ်ဆီးနဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလီယမ် ဂါလက်စ်ကတော့ မန်စီးတီးကနေ ချဲလ်ဆီးသို့ ပေါင်သန်း ၄၀နဲ့ ရောက်လာခဲ့တဲ့ ၂ရာသီ အတွင်း မျှော်မှန်းထားတဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့လို့ အခုအချိန်မှာ ဖယ်ရှားခံခဲ့ရတာနဲ့ ပတ်သက်ပြီး စတာလင် အနေနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမယ်လို့ မက်ဆေ့ချ် ပေးသွားပါတယ် ။
Gambling Zone နဲ့ တွေ့ဆုံခဲ့ရာမှာ ဂါးလက်စ် က ” ကိုယ်ရောက်နေတဲ့ ကလပ်နဲ့ အလုပ်မဖြစ်တဲ့အခါ တခါတလေမှာ ကစားသမားတွေဟာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ဖို့ လိုပါတယ် ။ ဒါဟာ ရာဟင်း စတာလင်ရဲ့ ချဲလ်ဆီးမှာ ရှိနေခဲ့စဉ်က အခြေအနေမျိုးပါပဲ ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂နှစ် အတွင်း သူ ခြေစွမ်းမပြနိုင်ခဲ့လို့ပါ ။ ”
” သူဟာ အဲဒီ ကာလအတွင်း လုံလုံလောက်လောက် ဂိုးတွေ မသွင်းနိုင် ၊ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။ မန်နေဂျာသစ်က သူ့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေခဲ့မှာပါ ။ ဒါကြောင့် သူ့ကို အသင်းမှာ မထည့်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ် ။ ဒါက မန်နေဂျာရဲ့ အမှား မဟုတ်ပါဘူး ။ ”
” အခုဆို လူတိုင်းဟာ သူ အာဆင်နယ်မှာ ဘာတွေ လုပ်ပြမလဲ ဆိုတာ စိတ်ဝင်စားနေကြပါပြီ ။ တခါတလေမှာ ကစားသမားတွေဟာ ကိုယ့်ဆီကနေ အကောင်းဆုံး ပုံစံ ထုတ်ယူနိုင်ဖို့ ၊ မန်နေဂျာဆီက ချစ်ခြင်းမေတ္တာတွေ ခံစားဖို့ လိုအပ်တတ်ကြပါတယ် ။ ”
” ကျွန်တော့ တဦးတည်း အတွက်တော့ မန်နေဂျာဆီကနေ ဒါမျိုး လိုအပ်တယ်လို့ မခံစားရပါဘူး ။ မန်နေဂျာက ကျွန်တော့ကို မကြိုက်ဘူးဆိုရင်တောင် ကျွန်တော် ပုံမှန် ကစားခွင့် ရဖို့ အတွက် ခြေစွမ်း လုံလုံလောက်လောက် ပြနိုင်အောင် ကြိုးစားပါတယ် ။ ဒါမှ သူ ကျွန်တော့ကို အရန်ခုံဆီ မပို့နိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ စတာလင်ဟာ ချဲလ်ဆီးရဲ့ ဖယ်ရှားမှုကို ခံခဲ့ရအပြီး ၊ မြို့ခံဒါဘီပြိုင်ဖက် အာဆင်နယ်မှာ သူ ဘာတွေ လုပ်ပြနိုင်ကြောင်း သက်သေပြဖို့ စိတ်ဆန္ဒ ပြင်းပြနိုင်သလို ၊ မန်စီးတီးမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အာတီတာနဲ့ ပြန်လည် လက်တွဲရမှာ ဖြစ်လို့ ချဲလ်ဆီးမှာထက် ပိုပြီး အဆင်ပြေဖို့ မျှော်လင့်ရပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး ဂါးလက်စ် က ” ရာဟင်း စတာလင်ဟာ အာဆင်နယ်မှာ ပျော်ရွှင်ပါလိမ့်မယ် ။ အာဆင်နယ်က သူ့ရဲ့ အပြောင်းအရွှေ့ တရားဝင် ကြေညာချက် ထုတ်ပြန်မှုမှာ သူ့မျက်နှာက ပြုံးပျော်နေခဲ့ပါတယ် ။ ဒီကလပ် အတွက် ကစားပေးဖို့ ဆိုတာ သူ့ရဲ့ အိပ်မက် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ဘောလုံးသမား တယောက် အနေနဲ့ ကွင်းတွင်းမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ထားနိုင်ဖို့ ၊ ခံစားချက် အပြည့်နဲ့ ကစားနိုင်ဖို့ အရမ်း အရေးကြီးပါတယ် ။ မန်စီးတီးမှာ မီခေးလ် အာတီတာနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေက သူ့ကို အရင်လို အကောင်းဆုံး ပုံစံဆီ ပြန်ရောက်ဖို့ ကူညီပေးနိုင်ပါတယ် ။ ဒါပေမယ့် သူ့မှာ ဘယ်လောက် ကျန်သေးလဲ ဆိုတာ ကျွန်တော်တို့ အရင်ဆုံး စောင့်ကြည့်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR