အိုင်ယာလန် နဲ့ ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲမခံခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဒက်ကလန်ရိုက်စ်

 

နည်းပြသစ် လီကာစလေ လက်အောက်မှာ ပထမဆုံး ကစားခဲ့တဲ့ ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းဟာ အိုင်ယာလန် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရပြီး အဖွင့်လှ သွားခဲ့ပါတယ် ။ အင်္ဂလန် အသင်း အတွက် ဂိုးတွေကိုတော့ ဒက်ကလန်ရိုက်စ် နှင့် ဂရီးလစ်ရှ် တို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

အိုင်ယာလန် နဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ ရိုက်စ် ဟာ ကိုယ်တိုင် သွင်းခဲ့သလို ဂရီးလစ်ရှ် ရဲ့ သွင်းဂိုးကိုလည်း ဖန်တီး ပေးခဲ့ပါတယ် ။ ရိုက်စ် နှင့် ဂရီးလစ်ရှ် တို့ နှစ်ဦးစလုံးဟာ အိုင်ယာလန် နွယ်ဖွားတွေ ဖြစ်သလို အိုင်ယာလန် လူငယ် အသင်းမှာလည်း ကစားဖူးတဲ့သူတွေ ဖြစ်ပါတယ် ။

ဒါကြောင့် အိုင်ယာလန် ပရိသတ်တွေဟာ ပွဲချိန်အတွင်းမှာ ရိုက်စ် နှင့် ဂရီးလစ်ရှ် တို့ကို လှောင်ပြောင်တဲ့ စာတမ်းတွေ ကိုင်စွဲ အော်ဟစ်မှုတွေလည်း ရှိခဲ့ပါတယ် ။ ဒါပေမဲ့ လည်း ရိုက်စ် ဟာ ဂိုးသွင်းပြီးချိန်မှာတော့ အိုင်ယာလန် အသင်းကို လေးစားတဲ့ အနေနဲ့ လုံးဝ အောင်ပွဲ ခံခဲ့ခြင်း မရှိပါဘူး ။

ဒီအကြောင်း နဲ့ ပတ်သက်ပြီး ရိုက်စ် က ” ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် တကယ့်ကို ခံစားရတာ ကောင်းပါတယ် ။ ဒါပေမြဲ ကျနော် ဘယ်တော့မှ အိုင်ယာလန် ဘက်ကို အောင်ပွဲခံသွားမှာ မဟုတ်ပါဘူး ၊ ကျနော့်မှာ အိုင်းရစ် မိသားစုဝင်တွေ ရှိပါတယ် ၊ အဖွား နှင့် အဖိုးတို့ပေါ့ ၊ သူတို့က ဒီမှာတော့ မရှိတော့ပေမယ့် အောင်ပွဲခံရင် သူတို့ကို မလေးစားသလို ဖြစ်သွားမှာပေါ့ဗျာ ၊ ကျနော့်အဖေလည်း ဒီမှာ ရှိနေခဲ့ပါတယ် ။ ”

” ဒါကြောင့် ကျနော် ပွဲအပေါ်ပဲ အာရုံစိုက် ကစားခဲ့ပါတယ် ၊ ဂိုးသွင်း နိုင်တဲ့ ခံစားချက်က ကောင်းပါတယ် ၊ ကျနော်လည်း ပွဲမှာ ခြေစွမ်းပြပြီး ဂိုးတွေ ပိုသွင်းနိုင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တာပါ ၊ တကယ့်ကို အပေါင်း လက္ခဏာဆောင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SMI’m