ဗြိတိန် ဈေးကွက် ပိတ်သွားပေမယ့် စတား ၅ဦးကို အလျဉ်းသင့်သလို ထုတ်ရောင်းသွားဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီး

 

ချဲလ်ဆီး အသင်းဟာ မကြာသေးခင်ကမှ ပိတ်သိမ်းသွားတဲ့ ဗြိတိန် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမား အမြောက်အမြားကို ထုတ်ရောင်း ၊ စာချုပ် ဖျက်သိမ်း ၊ အငှား စသဖြင့် နည်းအမျိုးမျိုးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူခဲ့ပေမယ့် ၊ ချဲလ်ဆီးရဲ့ အသားတင် အသုံးစရိတ်က ပေါင်သန်း ၂၀ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ် ။ ဗြိတိန် ဈေးကွက် ပိတ်သွားပြီးနောက် ချဲလ်ဆီးဟာ ဘရာဇီး ဆယ်ကျော်သက် တောင်ပံကစားသမား အိန်ဂျလို ဂါဘရီရယ်ကို ဆော်ဒီပရိုလိဂ် ကလပ် အယ်နာဆာသို့ ယူရို ၁၉သန်းနဲ့ ထုတ်ရောင်းနိုင်ခဲ့ပါတယ် ။

ဗြိတိန်မှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခွင့်မပြုတော့ပေမယ့် ၊ ပြည်ပသို့ ကစားသမား ရောင်းချမှုတွေ ၊ အငှားချမှုတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဈေးကွက် ပိတ်သိမ်းချိန်တွေ အပေါ် မူတည်ကာ ၊ ဗြိတိန် ပြည်တွင်းကလပ်တွေ အနေနဲ့ လုပ်ဆောင်ခွင့် ရှိနေဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီးဟာ ကစားသမား အများအပြားကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာခွင့် ပေးခဲ့သည့်တိုင် ၊ ခုချိန်ထိ ပိုလျှံနေသေးတဲ့ ကစားသမား တချို့ ကျန်ရှိနေပါသေးတယ် ။ ဒီကစားသမားတွေကို ဗြိတိန် ဂျာနယ်လစ်တွေက Bomb Squad ကစားသမားတွေလို့ အမည်မှည့်ထားပေးပါတယ် ။

ထိုအထဲမှာ စီနီယာ ကစားသမား တဦး ဖြစ်တဲ့ ဘယ်နောက်ခံလူ အပြင် လူငယ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဒေးဗစ် ဒတ်ထရို ဖိုဖာနာ ၊ ဟာဗီဗေးလ် ၊ အဲလက်စ် မားတို့စ် ၊ ဒေးဗစ် ဝါရှင်တန်တို့ ပါဝင်နေပါတယ် ။ Evening Standard သတင်းဌာနရဲ့ အဆိုအရ ချဲလ်ဆီးဟာ ပြည်ပ ကလပ်များထံသို့ ယင်းစတား ၅ဦးကို ထုတ်ရောင်းဖို့ ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

ဗြိတိန် ဈေးကွက် နောက်ဆုံးရက်မှာ ချဲလ်ဆီးဟာ စီနီယာ ကစားသမား တဦး ဖြစ်တဲ့ တောင်ပံ တိုက်စစ် ကြယ်ပွင့် ရာဟင်း စတာလင်ကို အာဆင်နယ်သို့ အငှားထုတ်နိုင်ခဲ့ပေမယ့် ၊ ဘန်ချေဝဲလ်ကိုတော့ ဘယ်အသင်းကမှ ခေါ်ယူမှု လာရောက် မချဉ်းကပ်ခဲ့ကြပါဘူး ။

ဒီအတွက်ကြောင့် ချဲလ်ဆီးဟာ ချေဝဲလ် အတွက် ဈေးကွက် မပိတ်သေးတဲ့ တူရကီ ကလပ်များထံမှ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ် ။ ထို့အတူ ပြီးခဲ့တဲ့ ရာသီ အတွင်း အငှား ၂ကြိမ် ထွက်ခဲ့ရတဲ့ ဒတ်ထရို ဖိုဖာနာကိုလည်း ချဲလ်ဆီးဟာ အပြီးသတ် ကမ်းလှမ်းမှု ရခဲ့ရင် ရောင်းထုတ်ဖို့ အသင့်ဖြစ်နေပါတယ် ။

တဖက်မှာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကြယ်ပွင့် ဖြစ်တဲ့ ဟာဗီဗေးလ်ကတော့ လီဗာပူး ဂန္တဝင် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီပရိုလိဂ် ကလပ် အယ်အီတီဖတ်ထံမှ အပြီးသတ် ကမ်းလှမ်းမှု တရပ် ရခဲ့ပေမယ့် ၊ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ဖူးပါတယ် ။

ထို့အတူ ဘရာဇီး လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဒေးဗစ် ဝါရှင်တန်ဟာလည်း ချဲလ်ဆီးရဲ့ မိတ်ဖက်ကလပ် စထရားစ်ဘော့ဂ်မှ ယူရိုသန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရယူနိုင်ခဲ့ပါဘူး ။

အခြားသော Bomb Squad ကစားသမား ၂ဦး ဖြစ်တဲ့ ကွင်းလယ်လူ ကာနီ ချူကွီမက်ကာနဲ့ ချက်ဆာရေး ကာဆာဒေးတို့ကတော့ ပထမအသင်းနဲ့ ထရိန်နင် ပြန်ဆင်းနေတာကြောင့် ၊ ရောင်းထုတ်ခံရဖို့ အလားအလာ နည်းနေပါတယ် ။

SPORTS MYANMAR