ယခုနှစ် အတွက် ပရီးမီးယားလိဂ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ရာ ၊ ဘဏ္ဍာရေး စည်းမျဉ်း တချို့ကြောင့် အသင်းတွေဟာ စံချိန်တင် သုံးစွဲမှုတွေထက် ၊ လိုသလောက်ပဲ ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာ တွေ့ရပါတယ် ။
သို့ပေမယ့် Big Money Signing တွေတော့ ရှိခဲ့ပြီး ၊ ဒီခေါ်ယူမှုတွေဟာ သက်ဆိုင်ရာ ကလပ်တွေ အပေါ် ဘယ်လောက်ထိ အကျိုးပြုမလဲ ဆိုတာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သိရမှာ ဖြစ်ပါတယ် ။
တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်သစ်တွေ လက်ထက် ငွေကြေး အမြောက်အမြား သုံးစွဲထားတဲ့ ချဲလ်ဆီးဟာလည်း ဒီနွေတတွင်းမှာ ကစားသမားသစ် များစွာ ထပ်မံ ခေါ်ယူထားပြန်ပါတယ် ။ ထိုအထဲမှာ ပရိသတ်တွေ သဘောကျခဲ့တဲ့ major signing တခုကတော့ ဝုလ်ဗ်ကနေ ယူရိုသန်း ၆၀နဲ့ ပြောင်းလာတဲ့ ပတ်ဒရို နက်တို ဖြစ်ပါတယ် ။
အသက် ၂၄နှစ် အရွယ်ရှိ ယင်းပေါ်တူဂီ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီ ဝုလ်ဗ် အတွက် ခြေစမ်း ပြသနိုင်ခဲ့တဲ့ စတား တဦး ဖြစ်ခဲ့သလို ၊ အခြား လန်ဒန်မြို့ခံ ကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ဖူးပါတယ် ။ လီဗာပူးနဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်ကတော့ နက်တိုကို သူ့ရဲ့ နွေရာသီ ထိပ်တန်း ခေါ်ယူမှု ၃ခုမှာ ထည့်သွင်း ရွေးချယ်ထားပါတယ် ။
TNT Sport နဲ့ တွေ့ဆုံရာမှာ ခရော့ချ် က ” ဝုလ်ဗ်ကနေ ချဲလ်ဆီးကို ပြောင်းသွားတဲ့ ပတ်ဒရို နက်တိုပါ ။ သူဟာ ထိပ်တန်း ကစားသမား တယောက်ပါ ။ ဥရောပက ထိပ်တန်း အသင်း အတော်များများ သူ့ကို ခေါ်ယူချင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ချဲလ်ဆီးဟာ ထိပ်တန်း တိုက်စစ် ကြယ်ပွင့် တဦးကို တခြားသော တိုက်စစ် ကစားသမားတွေနဲ့ အတူ ရရှိလိုက်တာ ဖြစ်ပါတယ် ။ သူဟာ ထိပ်တန်း ခေါ်ယူမှု တခုပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ခရော့ချ်က သူ့ရဲ့ အခြားသော ထိပ်တန်း ခေါ်ယူမှု ၂ခု အဖြစ် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့သွားတဲ့ ဝုလ်ဗ်နောက်ခံလူဟောင်း မက်စ်ကီလ်မန်းနဲ့ ဘုန်းမောက်ကနေ တော့တင်ဟမ်သို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားတဲ့ တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီတို့ကို ရွေးချယ်ခဲ့ပါတယ် ။
ခရော့ချ် က ” ဝက်စ်ဟမ်းကို ရောက်သွားတဲ့ မက်စ်ကီလ်မန်းကလည်း ထိပ်တန်း ခေါ်ယူမှု တရပ်ပါပဲ ။ အရမ်းကောင်းတဲ့ ခေါ်ယူမှုပါ ။ အဖွင့်ပွဲအနည်းငယ်မှာ သူဟာ ခံစစ်ကနေ တိုက်စစ်ဆီ ဘောလုံး ဖြန့်ပေးနိုင်ကြောင်း ပြသခဲ့ပါတယ် ။ ဘောလုံးလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ် ။ ထိပ်တန်း ကစားသမား တယောက်ပါ ။ ”
” နောက်တယောက်က တော့တင်ဟမ်ကို ပြောင်းသွားတဲ့ ဒိုမီနစ် ဆိုလန်ကီပါ ။ ဘာလို့လဲဆိုတော့ တော့တင်ဟမ်ဟာ ဟယ်ရီကိန်း ထွက်သွားပြီးနောက် လစ်လပ်နေတဲ့ အထောင်တိုက်စစ် နေရာကို ဖြည့်တင်းနိုင်ခဲ့လို့ပါ ။ ”
” သူတို့ဟာ တသင်းလုံးနီးနီး အရည်အသွေး လုံလုံလောက်လောက် ပိုင်ဆိုင်ထားပေမယ့် ၊ နံပါတ် ၉ ရှိမနေခဲ့ပါဘူး ။ အခုဆို သူ ဒဏ်ရာက ပျောက်ကင်းတာနဲ့ သူ ဂိုးတွေ သွင်းပြီး ၊ သူ့အလုပ် သူလုပ်ပြလိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR