ချဲလ်ဆီး အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခရစ်စတယ် ပဲလေ့စ် အသင်းကို ခြေစွမ်း အသာစီး ရလျက်နဲ့ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ဒါဟာ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ချဲလ်ဆီး အတွက် စိတ်ပျက်ဖွယ် ရမှတ် ၂မှတ် ဆုံးရှုံးမှုလို့ ဆိုရမှာ ဖြစ်ပါတယ် ။
ပထမပိုင်းမှာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ၊ ပြိုင်ဖက်ရဲ့ မထင်မှတ်တဲ့ ချေပခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ် ။
တဖက်မှာ ချေပဂိုး မပေးရခင် ၊ ပဲလေ့စ် ကွင်းလယ်လူ ဝီလ်ဟုချ်ဟာ ပထမပိုင်း အတွင်း အဝါကတ် တကြိမ် ပြသခံထားရပြီး ၊ ဒုတိယပိုင်းရဲ့ အစောပိုင်း မိနစ်တွေ အတွင်း ချဲလ်ဆီး စတား ကိုးလ်ပါလ်မာကိုပါ အသားလွတ် ဆွဲခဲ့ပေမယ့် ၊ ကွင်းလယ်ဒိုင်ကတော့ နောက်တဝါ ပြသကာ ၊ ထုတ်ပယ်ခဲ့ခြင်း မရှိပါဘူး ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ဝီလ်ဟုချ်သာ အထုတ်ခံခဲ့ရမယ်ဆိုရင် ၊ ၎င်းတို့ အတွက် ပွဲအခြေအနေက အပြောင်းအလဲ ဖြစ်သွားမယ့် အကြောင်း ဖွင့်ဟရင်း ၊ VAR အနေနဲ့ ဒီလို ဖြစ်ရပ်မျိုးတွေမှာ အဆုံးအဖြတ် ဝင်ပေးသင့်ကြောင်း အကြံပြုသွားပါတယ် ။
မာရက်စ်ကာ က ” အထူးသဖြင့် အဲဒီအချိန် ကျွန်တော်တို့ဟာ ၁ – ၀ နဲ့ ပွဲကို ဦးဆောင်နေခဲ့တာပါ ။ ဒါသာ ဒုတိယ အဝါကတ် ဖြစ်ခဲ့မယ်ဆိုရင် ပွဲက ပြောင်းလဲသွားခဲ့မှာပါ ။ ဒုတိယပိုင်းမှာ ပြိုင်ဖက် အသင်းက သူ့ကို ချက်ချင်း လူစားလဲခဲ့တာကို ကြည့်ရင် သိနိုင်ပါလိမ့်မယ် ။ ”
” ဒါက ရှင်းလွန်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဒါကို တမျိုး မြင်ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော့မှာ ဘာပြောစရာမှ မရှိပါဘူး ။ စတုတ္ထဒိုင်က ဘာပြောခဲ့လဲ ? သူကတော့ ကွင်းလယ်ဒိုင်က ဒါကို အဝါထပ်ပြဖို့ မမြင်မိဘူးလို့ ပြောခဲ့ပါတယ် ။ ”
” ဒီလို ဖြစ်ရပ်မျိုးတွေမှာပါ VAR ကြည့်မှ မှန်ကန်တဲ့ နည်းလမ်း ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ခင်ဗျား ကျွန်တော့ကို နောက်တခါ ထပ်မေးမယ်ဆိုရင်တောင် ၊ ဒုတိယအဝါပြပြီး ၊ အနီနဲ့ ထုတ်ပယ်ဖို့ ဖြည့်စွက်စရာ အရာတွေ အများကြီး မရှိလောက်ပါဘူး ။ ”
” ကျွန်တော်တို့နဲ့ အမြင် ကွဲနေခဲ့သူ တဦးတည်းကတော့ ကွင်းလယ်ဒိုင်ပါပဲ ။ ဒါပေမယ့် သူကသာ ဆုံးဖြတ်ချက်ချရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မာရက်စ်ကာက ၎င်းတို့ဟာ မနေ့က ပွဲမှာ အနိုင်ရလဒ်နဲ့ လုံးဝ ထိုက်တန်ကြောင်း အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။
မာရက်စ်ကာ က ” ခင်ဗျား ပြောခဲ့သလိုပဲ ၊ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး ၊ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို ၊ အပိုင် အခွင့်အရေးတွေ မပေးခဲ့ရပါဘူး ။ ပထမပိုင်း အတွင်း သူတို့မှာ ဝါတန်ရဲ့ ကန်ချက် တကြိမ်ပဲ ရှိခဲ့တာပါ ။ ”
” ဒုတိယပိုင်းမှာ သူတို့ ရခဲ့တဲ့ ချေပဂိုးက အံ့သြဖွယ် ဂိုးတဂိုးပါ ။ ခြုံပြောရရင် ကျွန်တော်တို့ဟာ ဒီနေ့ပွဲကို အနိုင်ရဖို့ လုံးဝ ထိုက်တန်မှု ရှိခဲ့တာပါ ။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး ။ ဘောလုံး ခြေထဲ ရှိတဲ့အချိန်ရော ၊ မရှိတဲ့အချိန်မှာပါ အသင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့ပါတယ် ။ ”
” ချေပဂိုး ပေးခဲ့ရပြီးနောက် ကျွန်တော်တို့ ပွဲအပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ် ကျဆင်းခဲ့ပါတယ် ။ ပွဲကလည်း အနိမ့်အမြင့် အတက်အကျ အနည်းငယ် ရှိလာခဲ့ပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ မလိုက်ဖက်ခဲ့ပါဘူး ။ အတက်အဆင်း လုပ်တဲ့ နေရာမှာ ပြိုင်ဖက်က အရမ်းကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR