ပဲလေ့စ်ကို သရေကျအပြီး ချဲလ်ဆီးနဲ့ ပတ်သက်ကာ စိုးရိမ်မိတဲ့ အရာ တခု အပေါ် ထောက်ပြလာတဲ့ ဖရန့် လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ နောက်ဆုံး ၁၄ကြိမ် ဆက်တိုက် ထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်းကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ အိမ်ရှင်တို့ဟာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ ဂိုးနဲ့ ဦးမဆောင်ခင်မှာရော ၊ ဦးဆောင်အပြီးမှာပါ ဂိုးသွင်းဖို့ အခွင့်အရေး တချို့ ရခဲ့ပေမယ့် ၊ အဆုံးသတ် မသေချာခဲ့မှုတွေ အပြင် ၊ ပြိုင်ဖက် ဂိုးသမား ဒင်းဟန်ဒါဆင်ကို မကျော်နိုင်ခဲ့တာကြောင့် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရပါတယ် ။

ဒုတိယပိုင်း ချေပဂိုး ပြန်ပေးခဲ့ရအပြီး ၊ လူစားလဲမှုတွေ ဆက်တိုက် လုပ်ခဲ့ကာ ၊ ဦးဆောင်ဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ၊ ချဲလ်ဆီး တိုက်စစ်က Final Third Zone မှာ အလွဲလွဲ အချော်ချော် ဖြစ်ရင်းနဲ့ပဲ ပွဲပြီးခဲ့ရတာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်းလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကတော့ လက်ရှိ ချဲလ်ဆီးဟာ လူငယ် ကစားသမား အများစုနဲ့ ဖွဲ့စည်းထားလို့ ၊ တည်ငြိမ်မှု အပိုင်းမှာ အားနည်းနေဦးမှာ ဖြစ်တယ်လို့ BBC Match of the Day အစီအစဉ်မှာ အခုလိုပဲ ထောက်ပြသွားပါတယ် ။

လမ်းပတ် က ” မတည်ငြိမ်မှုက ရှိနေပါလိမ့်မယ် ။ လူငယ် ကစားသမားတွေက ဒါကို ယူဆောင်လာတတ်ပါတယ် ။ ချဲလ်ဆီးက အသာရခဲ့တဲ့ အခိုက်အတန့်တွေကို ခင်ဗျားတို့ ကြည့်လိုက်ရင် သူတို့ဟာ အဆုံးသတ် မသေချာခဲ့တာကြောင့် တချိန်ချိန်မှာ သူတို့ကို ဒါက ဒဏ်ခတ်လိမ့်မယ် ဆိုတာ ခင်ဗျား အမြဲ ခံစားမိနေပါတယ် ။ ”

” အသင်းရဲ့ အဓိက ကျောရိုးဒေါက်တိုင်တွေမှာ အတွေ့အကြုံ ရင့်ကျက်မှု နည်းနည်းပါးပါး မရှိတာကြောင့် ၊ ခင်ဗျားဟာ ဒီလို ဖြစ်လာဖို့ စောင့်ရပါလိမ့်မယ် ။ ဒါပေမယ့် ဒီအသင်းမှာ အရည်အသွေးတွေကတော့ သေချာပေါက် အများကြီး ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ” သူတို့ ရောက်နေတဲ့ အခြေအနေ အရ ၊ မာရက်စ်ကာ ဒီနေ့ ပြောခဲ့သလို သူတို့ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ ချဲလ်ဆီးနဲ့ မတူတော့ဘူး ဆိုတာက မှန်ပါတယ် ။ လွန်ခဲ့တဲ့ ၁၈လတုန်းက ကျွန်တော် အဲဒီမှာ ရှိနေခဲ့ပြီး ၊ ကျွန်တော့ ကိုယ်ပိုင် အမြင်အရ ဒါက ကလပ်ရဲ့ နိမ့်ကျတဲ့ အချိန်ကာလ တရပ်ကို ရောက်နေတယ်လို့ ခံစားခဲ့မိပါတယ် ။ ”

” ဒီအသင်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အရမ်း အောင်မြင်ခဲ့တဲ့ ချဲလ်ဆီး အသင်းလို့ ကျွန်တော် မခံစားခဲ့ရတာပါ ။ အဓိက အကြောင်းအရင်းက ပတ်ဝန်းကျင်ပါပဲ ။ ဒါကို မှန်ကန်အောင် မထားပေးနိုင်တာပါ ။ ”

” သူတို့ဟာ တိုးတက်မှု အရှိန် တခုဆီ ရောက်နေတယ်လို့ ကျွန်တော် ခံစားရပေမယ့် ၊ ဒီလို အတွေ့အကြုံနုတဲ့ ကစားသမား စုဖွဲ့မှုကြောင့် ကောင်းတဲ့နေ့တွေ ရှိမှာ ဖြစ်သလို ၊ ဆိုးရွားတဲ့ နေ့တွေလည်း ရှိလာနိုင်ပါတယ် ။ ”

” ဒါပေမယ့် သူတို့ဆီမှာ အရည်အသွေး အများကြီး ရှိနေတာကြောင့် ၊ ဒါတွေကိုသာ သူတို့ တိုးတက်အောင် လုပ်နိုင်ရင် ၊ အထူးသဖြင့် တိုက်စစ်ထိပ်ပိုင်း အဆုံးသတ် အရည်အသွေးမှာပေါ့ ။ ဒါဆို သူတို့ဟာ ပြိုင်ဖက် အသင်းတွေကို အများကြီး အခက်တွေ့စေနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR