ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေ အပါအဝင် ကစားသမား ၇ ဦးကို ရှင်းထုတ်သွားမယ့် အာဆင်နယ်

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုလပ်စ် ပေပေ ကို လက်လွှတ်ဖို့ အဆင်သင့် ဖြစ်နေပေမယ့် ပိုက်ဆံ အကုန်အကျ ခံပြီး ရှင်းထုတ်ရမယ့် အရေးကို စိုးရိမ် ပူပန်နေပါတယ် ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေပေ ဟာ လက်ရှိ အချိန်မှာ နိုက်စ် အသင်းမှာ အငှား သွားရောက် ကစားနေသူ ဖြစ်ပြီး နည်းပြ အာတီတာ ရဲ့ အနာဂတ် အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့သူပါ ။

လိုင်လီ အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူ နီကိုလပ်စ် ပေပေ ဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ၄ သောင်း ရနေသူ ဖြစ်ပြီး စာချုပ် သက်တမ်း တစ်နှစ်ကျော် ကျန်ရှိနေပါတယ် ။ နိုက်စ် အသင်းဟာ ပေပေ ကို အပြီးသတ် ခေါ်ယူချင်ပေမယ့် ပြောင်းရွှေ့ကြေးတော့ ပေးချေလိုခြင်း မရှိ ဖြစ်နေပါတယ် ။

 

ပေပေ ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲကို ပွဲထွက် မကစားရတော့တာ ဖြစ်ပြီး သူ့ရဲ့ ပွဲထွက် နေရာကို လူငယ်ကြယ်ပွင့် ဆာကာဆီ လွှဲပြောင်း ပေးခဲ့ရတာ ဖြစ်ပါတယ် ။ အာဆင်နယ် ကနေ ပေပေ ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေကြပေမယ့် ကစားသမားရဲ့ လစာ ပမာဏာဟာ ခေါ်ချင်တဲ့ အသင်းတွေအတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်နေပါတယ် ။

တစ်ဖက်မှာလည်း အာဆင်နယ် အသင်းဟာ ပေပေ ရဲ့လက်ကျန် စာချုပ် အရ ပေးချေရမယ့် လစာ ပမာဏာ ကို ပေးချေဖို့ တုန့်ဆိုင်းလျက် ရှိပြီး အမြန်ဆုံး ရောင်းထုတ် ချင်နေတာပါ ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ အာတီတာ နည်းပြ ဖြစ်လာခဲ့ပြီးနောက် အာဆင်နယ် အသင်းဟာ အိုဇေးလ် ၊ အူဘာမီယန်း ၊လာကာဇက် ၊ မစ်ခီတာရန်း ၊ မူစတာဖီ ၊ ဆိုကရက်တစ် ၊ ကိုလာစီနက် ၊ ချိန်ဘာ ၊ ဘယ်လာရင် ၊ ဒေးဗစ်လူးဝဇ် တို့အတွက် ပြောင်းရွှေ့ကြေး မရဘဲ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

ပေပေ ကိုသာ ပြောင်းရွှေ့ကြေး မရဘဲ ထပ်မံ လက်လွှတ်ရပါက အာဆင်နယ် အသင်းဟာ ပေါင် သန်း ၃၄၀ တန် ကစားသမား ခေါ်ယူမှုတွေ အတွက် တစ်ပြားမှ ပြန်မရသလို ဖြစ်သွားမှာပါ ။ အားကစား ဒါရိုက်တာ အီဒူး ကတော့ အသင်းရဲ့ အဆိုပါ policy နဲ့ ပတ်သက်ပြီး ” ကစားသမား တစ်ဦးက အသက် ၂၆ နှစ်နှင့် အထက် ဖြစ်နေပြီ ၊ လစာကလည်းများတယ် ၊ စွမ်းဆောင်ရည်ကောင်းတွေလည်း မပြ နိုင်ဘူးဆိုရင် သူက အသင်းကို သတ်နေတာပါပဲ ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ ပေပေ ကိုသာမက နိုင်းလ်စ် ၊ လိုကွန်ဂါ ၊ တာဗာရက်စ် ၊ မာရီ ၊ ဆစ်ဒရစ် ၊ ရူနာဆန် တို့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ နားထောင် သွားဖို့ ရှိပါတယ် ။ ဒါ့အပြင် တီယာနေး ၊ ဘာလိုဂန် နှင့် နယ်လ်ဆင် တို့ရဲ့ အနာဂတ် ဟာလည်း အာဆင်နယ် အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထား မှာ ရှိနေပါတယ် ။

SM