ချဲလ်ဆီး အသင်းဟာ မကြာသေးခင်ကမှ ပိတ်သိမ်းသွားတဲ့ နွေရာသီ ဈေးကွက်ရဲ့ Deadline Day မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား ဂျေဒွန် ဆန်ချိုကို တရာသီ အငှား + အပြီးသတ် မဖြစ်မနေ ခေါ်ယူခွင့် ပေါင် ၂၅သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။
ဒေါ့မွန်မှာ အံ့သြဖွယ် စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးခဲ့တဲ့ ဆန်ချိုဟာ မန်ချက်စတာမှာ ၃ရာသီကြာ ကစားခဲ့ပြီး ၊ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရပါတယ် ။ အထူးသဖြင့် နည်းပြ ဖြစ်သူ အဲရစ် တမ်ဟဂ်နဲ့ ပုဂ္ဂိုလ်ရေးအရရော ၊ နည်းစနစ်ပိုင်းမှာပါ မပြေလည်မှုတွေ ဆန်ချို တယောက် ရင်ဆိုင်ထားရပါတယ် ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်သို့ ၆လအငှား ပြောင်းရွှေ့ခဲ့လို့ ၊ ဆန်ချိုဟာ ပျောက်ဆုံးနေခဲ့တဲ့ ရစ်သမ် တချို့ ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ၊ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် တမ်ဟဂ်က ၎င်းကို မန်ယူနိုက်တက်မှာ နေရာ ဆက်မပေးတော့လို့ ၊ အခုအခါမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ် ။
မန်စီးတီး အကယ်ဒမီထွက် ဖြစ်တဲ့ ဆန်ချိုဟာ ချဲလ်ဆီး ကစားသမားသစ် ပထမဆုံး အင်တာဗျူးမှာ ပက်ဂွာဒီယိုလာ လက်ထောက် အဖြစ် မန်စီးတီးမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လက်ရှိ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ ဖုန်းမှာ ဘာတွေ ဆွေးနွေးဖလှယ်ခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်လည် ဖွင့်ဟလာပါတယ် ။
ဆန်ချို က ” မန်နေဂျာက ကျွန်တော့ကို အမှန်တကယ် စိတ်ဝင်စားလာအောင် ဒီစီမံကိန်းဆီ ဆွဲခေါ်လာပါတယ် ။ ကျွန်တော်ဟာ သူ မန်စီးတီးမှာ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ အချိန်တည်းက သိခဲ့တာပါ ။ ”
” ဒီမှာ သူ ဘာတွေ တည်ဆောက်နေလဲ ၊ ဒီပရောဂျက် ဘာအကြောင်းတွေလဲ ဆိုတာ ကျွန်တော့ကို ပြောပြပါတယ် ။ ကျွန်တော့လို လူငယ် ကစားသမား တယောက် အနေနဲ့ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ၊ ချဲလ်ဆီးမှာ စတင် ကစားရဖို့ မစောင့်နိုင်တော့ပါဘူး ။ ”
” သူတို့ဟာ ကျွန်တော့ကို အကြောင်းအရင်း တခုကြောင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး ၊ ဒီအတွက် ကျွန်တော် ကူညီ ပံ့ပိုးပေးရပါမယ် ။ ဒီအတွက် ကျွန်တော် အသင့်ဖြစ်နေပါပြီ ။ သူ့ရဲ့ ကစားပုံ စတိုင်လ်ကို ကျွန်တော် နှစ်သက်ပါတယ် ။ တောင်ပံ ကစားသမားတွေ ဘောလုံး ရတဲ့အခါ ၊ သူဟာ တောင်ပံကစားသမားတွေကို တဦးချင်း ကျော်ဖြတ် ထိုးဖောက်စေပါတယ် ။ ”
” ကျွန်တော်တို့ဟာ နံပါတ် ၁၀ ကစားသမားတွေနဲ့ one two ရိုက်ပြီး ၊ တိုက်စစ်မှူးတွေနဲ့ ချိတ်ဆက် ကစားပါတယ် ။ ဒါက ဆွဲဆောင်မှု ရှိတဲ့ ကစားဟန် ဖြစ်ပြီး ၊ ဒါက ကျွန်တော် ကစားတဲ့ စတိုင်လ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီးမှာ ဆန်ချို မတိုင်ခင် မန်စီးတီး အကယ်ဒမီထွက် ကစားသမား ၂ဦး ရောက်နှင့်နေပြီး ၊ ၎င်းတို့က ခံစစ်မှူး တိုစင် အဒါရာဘီယိုယိုနဲ့ ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာတို့ ဖြစ်ပါတယ် ။ ဒီစတား ၂ဦးနဲ့ ပတ်သက်ပြီးလည်း ဆန်ချိုက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။
ဆန်ချို က ” တိုစင်ကို ကျွန်တော် သိပြီး ၊ ကိုးလ်ပါလ်မာက ကျွန်တော် စီးတီးမှာ ရှိတုန်းက ကျွန်တော့ထက် အသက်ငယ်ပါတယ် ။ သူတို့ ၂ယောက်လုံးနဲ့ စကားပြောဖို့ ကျွန်တော် အခွင့်အရေး မရသေးပါဘူး ။ ဒါပေမယ့် မကြာခင် ကျွန်တော် ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ သူတို့ကလည်း ကျွန်တော့ကို ကူညီပေးကြမှာ သေချာပါတယ် ။ ”
” ကျွန်တော်ဟာ အသင်းအတွက် ဂိုးတွေ ၊ ဖန်တီးမှုတွေ ယူဆောင်ပေးချင်ပါတယ် ။ ကျွန်တော်ဟာ နည်းစနစ် ကျွမ်းကျင်တဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားမှုတွေ ယူဆောင်ပေးချင်ပါတယ် ။ အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR