ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားတဲ့ ဆန်ချိုထံ သတိပေးစကား ဆိုလိုက်တဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက် နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ နာရီပိုင်း အလိုမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံ ကစားသမား ဂျေဒွန် ဆန်ချိုကို တရာသီ အငှား + ခြေစွမ်းအပေါ် မူတည်ပြီး အပြီးသတ် မဖြစ်မနေ ခေါ်ယူခွင့် ပေါင် ၂၅သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ဆန်ချိုဟာ လွန်ခဲ့တဲ့ ၃ရာသီကမှ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်သို့ မြင့်မားတဲ့ တန်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ မျှော်မှန်းထားသလောက် ခြေစွမ်း မပြနိုင်ခဲ့သလို ၊ လက်ရှိ နည်းပြ အဲရစ် တမ်ဟဂ်နဲ့လည်း ဆက်ဆံရေး မပြေလည်မှုတွေ ရှိထားပါတယ် ။

ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်ထံသို့ ၆လ အငှားထွက်ခဲ့ပြီး ၊ ခြေစွမ်း အတော်အသင့် ပြသနိုင်ခဲ့ပေမယ့် ၊ ဆန်ချိုကို ဒေါ့မွန်ဖက်က အပြီးသတ် မခေါ်ခဲ့ပါဘူး ။ ဒါ့အပြင် တမ်ဟဂ် ကိုယ်တိုင်ကလည်း ဆန်ချိုကို ရောင်းထုတ်ဖို့ ပစ်မှတ်ထားခဲ့ပြီး ၊ အခုအခါမှာတော့ ၎င်းအတွက် အသင်းသစ် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဆန်ချိုဟာ Deadline Day မှာ ချဲလ်ဆီးထံက ချဉ်းကပ်မှု ရရချင်း မီးစိမ်းပြခဲ့ပြီး ၊ လစာလျှော့ယူကာ ၊ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ဖို့ ချက်ချင်း ခေါင်းငြိမ့်ခဲ့တာ ဖြစ်ပါတယ် ။ ဒီတော့ ခြင်္သေ့ပြာတို့ဆီမှာ ဆန်ချို တယောက် ဒေါ့မွန်တုန်းက စွမ်းဆောင်ရည်မျိုး ထုတ်ပြနိုင်ဖို့ ရှိမရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

တော့တင်ဟမ် နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆင်ကတော့ တောင်ပံတိုက်စစ် ကစားသမား အများအပြား ရှိနေတဲ့ ချဲလ်ဆီးထံသို့ ဆန်ချို ပြောင်းရွှေ့သွားတာက အဓိပ္ပာယ် မရှိဘူးလို့ ယူဆနေပြီး ၊ ချဲလ်ဆီးဟာ ၎င်း လိုချင်တဲ့ ပုံမှန် ပွဲကစားခွင့်တွေ ပေးသွားမှာ မဟုတ်ကြောင်း သတိပေးလိုက်ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်ဆင် က ” ချဲလ်ဆီးမှာ ရှိနေတဲ့ တောင်ပံ ကစားသမား စာရင်းကို ကြည့်လိုက်တဲ့အခါ ဒါက ကျွန်တော့ အတွက် အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအရွှေ့ တခု ဖြစ်ခဲ့ပါတယ် ။ ဂျေဒွန် ဆန်ချိုဟာ ကစားသမားကောင်း တယောက်ပါ ။ ”

” သူဟာ ဘိုရုရှား ဒေါ့မွန်မှာတုန်းက စူပါစတား တဦး ဖြစ်ခဲ့ပါတယ် ။ ဒါကို မမေ့ကြပါနဲ့ ။ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးတဲ့နောက် ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒါပေမယ့် ချဲလ်ဆီးကို ပြောင်းရွှေ့တာက ဘာထူးခြားမှုများ ရှိသွားမှာမို့လဲ ? ”

” သူ ချဲလ်ဆီးမှာ ဘယ်နေရာမှာ ကစားမလဲ ? သူ့အနေနဲ့ ပုံမှန် ကစားခွင့် ရမယ့် အသင်း တသင်းသင်းဆီ ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား တွေးထင်ခဲ့တာပါ ။ သူဟာ တပတ်ပြီး တပတ် ကစားခွင့် ရချင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးမှာဆို သူဟာ ခင်ဗျား ယုံနိုင်လောက်မှာ မဟုတ်တဲ့ တပွဲဝင် တပွဲနား ပုံစံနဲ့ပဲ ကစားခွင့် ရပါလိမ့်မယ် ။ ချဲလ်ဆီးဟာ လက်ရှိမှာ လုံးဝ ရူးလောက်စရာကောင်းတဲ့ နေရာ တခု ဖြစ်နေပါတယ် ။ ခင်ဗျားဟာ စတာလင် နေရာ အတွက် ဆန်ချိုနဲ့ ပြန်ဖြည့်တယ် ဆိုတာက ကျွန်တော့ကို အံ့သြသွားစေပါတယ် ။ ”

” ယူနိုက်တက်မှာ ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒေါ့မွန်မှာတော့ အလုပ်ဖြစ်ခဲ့ပါတယ် ။ ဒေါ့မွန်က သူ့အတွက် နေအိမ်သဖွယ် ဖြစ်ပုံပေါ်ပြီး ၊ သူ အဲဒီမှာ အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့တာပါ ။ သူ ကစားပေးခဲ့တဲ့ ကလပ်တွေက မယုံနိုင်ဖွယ်ကောင်းပေမယ့် ၊ သူ့အနေနဲ့ ပုံမှန် ကစားခွင့် ရဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR