ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကွန်းဖရန့်လိဂ် play-off နောက်ဆုံးအဆင့် ဒုတိယအကျော့ပွဲမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၂ကျော့ပေါင်း ရလဒ် အရ ၃ – ၂ နဲ့ အနိုင်ရပြီး ၊ ကွန်းဖရန့်လိဂ် ပြိုင်ပွဲသို့ ကလပ် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားပါတယ် ။
ဒီပွဲမှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာဟာ ပထမအကျော့တုန်းကလို အဓိက ကစားသမား အများစုကို အနားပေးကာ ၊ ပွဲထွက်စာရင်းကို တသင်းလုံးနီးနီး ပြောင်းလဲခဲ့ပါတယ် ။ စောစောစီးစီးပဲ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ခြင်္သေ့ပြာတို့ နောက်ပိုင်းမှာ ကစားအားကျလာခဲ့ပြီး ၊ ခံစစ်ပိုင်း အားနည်းမှုတွေကြောင့် ပြိုင်ဖက်ကို ပြန်လာခွင့်တွေ ပေးခဲ့ပါတယ် ။
ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ လူစားလဲမှု တချို့ လုပ်ခဲ့ပြီး ၊ ထိုအထဲမှာ အကယ်ဒမီထွက် လူငယ် တောင်ပံ ကစားသမား တိုင်ရစ်ခ်ဂျော့ချ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒါဟာ ၎င်းရဲ့ ချဲလ်ဆီး စီနီယာ ကစားသမား ဘဝ ပထမဆုံး ကစားခွင့် ရတဲ့ ဥရောပပွဲလည်း ဖြစ်ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက တိုင်ရစ်ခ်ဂျော့ချ်ရဲ့ ပွဲအပေါ် ရှိန်မနေခဲ့တဲ့ ကစားဟန်ကို ချီးကျူးရင်း ၊ ၎င်းတို့ အသင်းဟာ အကယ်ဒမီထွက် လူငယ် ကြယ်ပွင့်တွေနဲ့ပါ အနာဂတ် တခု တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
မာရက်စ်ကာ က ” သူ ကစားတာ ကောင်းခဲ့ပါတယ် ။ အရေးကြီးဆုံး အရာက သူ ပွဲကို ရှိန်မနေခဲ့တာပါ ။ သူဟာ ပင်ကိုဟန် အပြည့်နဲ့ ကစားခဲ့ပါတယ် ။ သူဟာ လူငယ် ကစားသမား တယောက်ပါ ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အရန်ခုံမှာ ဂျော့ရှ်အာချန်းပေါင်းလည်း ရှိနေခဲ့ပါတယ် ။ ”
” ကံမကောင်းစွာနဲ့ ဟာရစ်ဆင် ( မက်မာဟွန်း ) က အရန်စာရင်းထဲ ပါမလာခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိုင်ဒီယာက ဒီအကယ်ဒမီ ကစားသမားတွေနဲ့ အရေးပါတဲ့ အရာတခုခုကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး မာရက်စ်ကာ က ကွန်းဖရန့်လိဂ် အပေါ် ချဲလ်ဆီးရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ” ဒါက ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲ တခု ဖြစ်ပါတယ် ။ ဒီနေ့ညမှာ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲ ကစားဖို့ အသင့်ရှိနေတဲ့ အသင်း တသင်း ပုံစံအတိုင်း ပွဲကို စတင်နိုင်ခဲ့ပါတယ် ။ နောက်ပိုင်း ချေပဂိုး ပြန်ပေးခဲ့ရတော့ ၊ ပြိုင်ဖက်ဟာ အခွင့်အရေး တချို့ ရခဲ့ပြီး ၊ ကျွန်တော်တို့ ယုံကြည်မှု အနည်းငယ် ကျဆင်းခဲ့ပါတယ် ။ ”
” ဒါပေမယ့် ခြုံပြောရရင် ဒုတိယပိုင်းမှာတောင် ကျွန်တော်တို့ဟာ ဂိုးသမားနဲ့ တဦးချင်း အခွင့်အရေး ၃ကြိမ်လောက် ရခဲ့တာ ကျွန်တော် မှတ်မိနေပါသေးတယ် ။ အဆုံးမှာ ကျွန်တော်တို့သာ အခွင့်အရေးတွေ အသုံးချနိုင်ခဲ့ရင် ၊ အထူးသဖြင့် ပထမပိုင်းမှာ ၁ – ၀ နဲ့ ဦးဆောင်နေချိန်မှာပေါ့ ။ ”
” အဲဒီအချိန် ဒုတိယ ဦးဆောင်ဂိုးသာ ထပ်ရလိုက်ရင် ပွဲက အဆုံးသတ်သွားခဲ့မှာပါ ။ ဒါက နောက်ထပ် ပြိုင်ပွဲ တခုပါပဲ ။ ကျွန်တော်တို့မှာ ကစားဖို့ ကွန်းဖရန့်လိဂ် ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေဖလား ၊ ကာရာဘောင်ဖလားတို့ ရှိနေပါပြီ ။ ဒါတွေက ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲတွေပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR