မက်ဒူးကီ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်လာတဲ့ အပေါ် မှတ်ချက်ပေးရင်း ၊ ဆာဗက်နဲ့ ပွဲမှာ ချဲလ်ဆီးတို့ ဘာကြောင့် ရုန်းကန်ခဲ့ရလဲ ဆိုတာ ရှင်းလင်းလိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား နွန်နီ မက်ဒူးကီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝုလ်ဗ် အသင်းကို ၂ – ၆ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ၊ မနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ ပထမဆုံး အကြိမ် ပါဝင်ခွင့် ရခဲ့ပါတယ် ။

မက်ဒူးကီဟာ ဒီမတိုင်ခင်က အင်္ဂလန် ယူ၂၁ အသင်းမှာသာ ရွေးချယ်ခြင်းခံခဲ့ရပြီး ၊ ဂါရတ် ဆောက်ဂိတ်ခေတ် အလွန်မှာတော့ အင်္ဂလန် လက်ရွေးစင် အဆင့်မှာ စတင် ပါဝင်နိုင်လိုက်ပြီ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ယနေ့မနက်က သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

မာရက်စ်ကာ က ” အရမ်းပျော်ပါတယ် ။ သူဟာ အတော်လေး ခြေစွမ်းပြနေတာပါ ။ ဝုလ်ဗ်နဲ့ ပွဲအပြီး ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ အခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာက ဘာမှ လျှော့မချပစ်ပဲနဲ့ ၊ ပြင်းပြင်းထန်ထန် ဆက်လက် ကြိုးစားဖို့ပါ ။ ”

” ကျွန်တော်တို့ဟာ သူ့အပြင် ၊ လီဗိုင်း ( ကိုဝဲလ် ) ၊ ကိုးလ် ( ပါလ်မာ ) နဲ့ လက်ရွေးစင် အဆင့်မှာ အသီးသီး ရွေးချယ်ခံခဲ့ရတဲ့ တခြား အသင်းသားတွေ အတွက် ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ယနေ့မနက်က ကွန်းဖရန့်လိဂ် play-off ဒုတိယအကျော့ပွဲမှာ ဆွစ်ဇာလန် ကလပ် ဆာဗက်ကို ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၊ ပထမ့အကျော့မှာ ၂ – ၀ နဲ့ အနိုင်ရထားတာကြောင့် ၂ကျော့ပေါင်းရလဒ် ၃ – ၂ နဲ့ အုပ်စုအဆင့်ကို ကစားခွင့် ရသွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ဝုလ်ဗ်နဲ့ ပွဲက ပွဲထွက်စာရင်းကို တသင်းလုံးနီးပါး အပြောင်းအလဲ လုပ်ခဲ့တာကြောင့် ၊ အနည်းနဲ့ အများ ရုန်းကန်ခဲ့ရကာ ၊ ခံစစ်ဟာကွက်တွေက ပိုများခဲ့ပါတယ် ။ ချဲလ်ဆီးတို့ ဒီပွဲမှာ ဘာကြောင့် ရုန်းကန်ခဲ့ရလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း မာရက်စ်ကာက အခုလိုပဲ ရှင်းလင်းလာပါတယ် ။

မာရက်စ်ကာ က ” ပွဲအစ နာရီဝက် အတွင်း ကျွန်တော်တို့ဟာ တဂိုး သွင်းနိုင်ခဲ့ပြီး ၊ ၃ ၊ ၄ကြိမ်ထက် မနည်းတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ် ။ ဒီထဲက တကြိမ်ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ပွဲက အဆုံးသတ်သွားခဲ့မှာပါ ။ ဘာလို့လဲဆိုတော့ ၂ – ၀ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့မှာမို့ပါ ။ ”

” နောက်တော့ ကျွန်တော်တို့ ချေပဂိုး တဂိုး ပေးခဲ့ရပြီး ၊ အနည်းငယ် ခုခံခဲ့ရတာက ပုံမှန်ပါပဲ ။ မနေ့က ကျွန်တော် ခင်ဗျားတို့ကို ပြောခဲ့ပါတယ် ။ ဒီလိုပွဲတွေဟာ ခန့်မှန်းရခက်တာကြောင့် ကျွန်တော် ဒီပွဲအပေါ် အတော်လေး စိုးရိမ်ခဲ့တာပါ ။ ပြိုင်ဖက် အတွက်တော့ ဒါက game of the season လိုပါပဲ ။ ”

” အရာရာက ကျွန်တော်တို့ ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေခဲ့ပါတယ် ။ ကွင်းမျက်နှာပြင်ရော ၊ ပတ်ဝန်းကျင်ပါ မကောင်းခဲ့ပါဘူး ။ အပူချိန်ကလည်း ၃၀ဒီဂရီ ရှိနေခဲ့ပြီး ၊ ပွဲအခြေအနေ အပေါ် ကျွန်တော် အရမ်း စိုးရိမ်ခဲ့ပါတယ် ။ ဘောလုံး ခြေထဲရှိတဲ့အချိန်ရော ၊ မရှိတဲ့အချိန်မှာပါ အသင်းက မာမာထန်ထန် ကစားနိုင်ခဲ့ပါတယ် ။ ”

” ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေး ၄ ၊ ၅ကြိမ်လောက် ဖန်တီးနိုင်ခဲ့ပြီး ၊ တဂိုးလောက် ထပ်သွင်းနိုင်ခဲ့ရင် ပွဲက ပြီးသွားခဲ့မှာပါ ။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ ။ သူတို့က ချေပဂိုး ပြန်သွင်းနိုင်ခဲ့တော့ ဒါက သူတို့ အတွက် စိတ်အားတက်စရာ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ( ကွန်းဖရန့်လိဂ် ကစားခွင့် ရသွားတာ ) ကျွန်တော်တို့နဲ့ ထိုက်တန်မှု ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR