ဒီဒီဟာမန်းက လာမည့် ပရီးမီးယားလိဂ် ရာသီမှာ မန်ယူနိုက်တက်ဟာ အာဆင်နယ် လီဗာပူးရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံ မန်စီးတီးနဲ့ ၃၁ မှတ်ထိ ကွာဟခဲ့ပါတယ်။
မန်ယူနိုက်တက်ရဲ့ form ကြောင့် အဲရစ်တန်းဟတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့ပေမယ့် အက်ဖ်အေဖလားကြောင့်သာ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဟာမန်းကတော့ လာမည့်ရာသီမှာ မန်ယူနိုက်တက်ဟာ တိုးတက်လာလိမ့်မယ်လို့ ခံစားမိနေပြီး အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်မယ်လို့ ဆိုလိုက်ပါတယ်။
ဂန်းနားတို့ဟာ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ခဲ့ပြီး မန်စီးတီးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကြောင့်သာ ဆုဖလားနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာမန်းက အာဆင်နယ် အနေနဲ့ လာမည့်ရာသီမှာလည်း ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာကာ မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့နောက် အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ဆက်လက်ပြီး ဂျာမန် လက်ရွေးစင်ဟောင်းက နည်းပြသစ်ကို ခန့်အပ်ထားတဲ့ သူ့ရဲ့ အသင်းဟောင်း လီဗာပူး ကတော့ အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
ဟာမန်းက “လာမည့် ရာသီမှာလည်း မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ် ဇယားရဲ့ ထိပ်ဆုံးနေရာက လွဲပြီး အခြား မမြင်မိပါဘူး။ ကျနော် အာဆင်နယ် နဲ့ ပက်သက်ပြီး သိပ်ပြီး သေချာမှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အခွင့်အရေးတွေကို လွဲချော်ထားခဲ့လို့ ဖြစ်ပါတယ်။
ဒ့ါကြောင့် ကျနော် ပရီးမီးယားလိဂ် Top2 နေရာ အတွက် မန်စီးတီး မန်ယူနိုက်တက်ကို ရွေးချယ်မှာပါ။ မန်ယူနိုက်တက် ကတော့ သူတို့ ချိတ်ဆက်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီနောက် တတိယ နေရာမှာ အာဆင်နယ် နဲ့ လီဗာပူး ကတော့ အဆင့် ၄ နေရာ ဖြစ်ပါတယ်။
ကျနော်ကတော့ မန်ယူနိုက်တက်ဟာ လာမည့် ရာသီ အိုကေ လိမ့်မယ်လို့ ခံစားမိနေပါတယ်။ သိကြတဲ့အတိုင်းပဲ ကိုဘီမိုင်နူး ကလည်း ဥရောပမှာ ထွန်းတောက်လာခဲ့တဲ့ ကြယ်ပွင့် ဖြစ်ပါတယ်။ သူဟာ လာမည့် ရာသီ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။