အင်္ဂလန် လက်ရွေးစင် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ စာရင်းထဲ ပါဝင်နေခြင်း အပေါ် တုန့်ပြန်လာတဲ့ ဂရေဟမ် ပေါ်တာ

မနှစ်ကမှ ချဲလ်ဆီး နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံထားခဲ့ရတဲ့ အင်္ဂလိပ်လူမျိုး နည်းပြ ဂရေဟမ် ပေါ်တာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီး ဂါရတ် ဆောက်ဂိတ် နုတ်ထွက်သွားပြီးနောက် ၊ အင်္ဂလန် လက်ရွေးစင် နည်းပြ ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံး စာရင်းထဲ ပါဝင်လျက် ရှိပါတယ် ။

ပေါ်တာဟာ ဘွတ်ကီတွေရဲ့ အလေးပေးမှု အရ အင်္ဂလိပ်လူမျိုး နည်းပြတွေထဲ အင်္ဂလန် နည်းပြသစ် ဖြစ်လာဖို့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းနဲ့ အပြိုင် ရေပန်းစားနေပါတယ် ။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း တချို့ကလည်း ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံမယ့် နည်းပြကို အင်္ဂလိပ်လူမျိုးထဲကပဲ ရွေးချယ်ဖို့ ထင်မြင်ချက် ပေးထားကြပါတယ် ။

ITV Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂရေဟမ် ပေါ်တာက အင်္ဂလန် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေခြင်း အပေါ် ဖြေဆိုဖို့ ငြင်းဆိုသွားကာ ၊ အင်္ဂလန်ကို နောက်ဆုံး ယူရိုပြိုင်ပွဲ ၂ခုဆက် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့တဲ့ ဆောက်ဂိတ် အတွက် ဂုဏ်ယူမိကြောင်းသာ မှတ်ချက်ပြုခဲ့ပါတယ် ။

ပေါ်တာ က ” ဒီနေ့က ဒီအကြောင်း ပြောဖို့ နေ့မကျသေးပါဘူး ။ ပြောစရာ တခုတည်း ရှိတာက ဂါရတ် လုပ်ပြခဲ့တာက ဘယ်လောက် ကြီးကျယ်လိုက်သလဲ ဆိုတာပါပဲ ။ အင်္ဂလိပ်လူမျိုး တယောက် အနေနဲ့ ကျွန်တော်ဟာ သူနဲ့ အသင်း အတွက် ဂုဏ်ယူမိပါတယ် ။ ”

” အင်္ဂလန် အသင်းကို လမ်းပြပေးခဲ့တာတွေ ၊ ဒီလို ပြိုင်ပွဲတွေရဲ့ နောက်ဆုံး အဆင့်တွေဆီ တက်လှမ်းအောင် စွမ်းဆောင်ပေးခဲ့တာတွေ အတွက် အင်္ဂလိပ် ဘောလုံး လောကမှာ ဂါရတ်ထက် ပိုပြီး လေးစားမှု ရဖို့ ထိုက်တန်တဲ့သူ တယောက်မှ ကျွန်တော် စဉ်းစားလို့ကို မရပါဘူး ။ ”

” သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဟာ အံ့သြပြောင်မြောက်ဖွယ် အလုပ် တခု စွမ်းဆောင်ပြခဲ့တာပါ ။ ဒီတော့ အခုအချိန်မှာ သူတို့ကို လေးစားမှု ပြသရပါမယ် ။ ကျန်တာတွေက လူတွေ ခန့်မှန်းပြောဆိုနေကြခြင်းတွေပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပေါ်တာဟာ အင်္ဂလန် နည်းပြ ရာထူးကို အလိုရှိနေတာ အတော်လေး သိသာနေပြီး ၊ ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရပြီးနောက် ၊ ပရီးမီးယားလိဂ် ကလပ် တချို့ အပြင် ဥရော ကလပ် အနည်းငယ်ရဲ့ ချဉ်းကပ်မှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ဖူးပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ပေါ်တာ က နည်းပြလောကထဲသို့ ပြန်ဝင်လာဖို့ အသင့် ဖြစ်နေကြောင်းကို ” ကျွန်တော်ဟာ အရမ်းကောင်းတဲ့ အနားကာလကို ရရှိထားပါတယ် ။ ကျွန်တော် စတင်ခဲ့တဲ့ ခရီးကနေ ရောက်ရှိထားတဲ့ ခရီးထိ ဘာမှ အလကား ရလာခဲ့တာ မဟုတ်ပါဘူး ။ ဒီတော့ ကျွန်တော့ အဖို့ အနားရဖို့ ၊ ခွန်အား ပြန်ဖြည့်နိုင်ဖို့က အရေးကြီးပါတယ် ။ ”

” တခြား အားကစား ပြိုင်ပွဲတွေ ၊ တခြား အသင်းတွေနဲ့ လည်ပတ်စရာ နေရာတွေကို သွားရောက်ဖို့ အချိန်ကောင်းလည်း ဖြစ်ခဲ့ပါတယ် ။ အခုတော့ ကျွန်တော် အဆင်သင့် ပြန်ဖြစ်နေပြီလို့ ခံစားရသလို ၊ မှန်ကန်တဲ့ အခွင့်အရေး တရပ် ရောက်လာတဲ့အခါ ၊ ပြန်လာနိုင်ဖို့ကို စိတ်လှုပ်ရှားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR