ယူရိုမှာ အထူးခြေစွမ်းပြနေတဲ့ စတား တဦးကို ချဲလ်ဆီးက ဟာသ ကစားသမား ဖြစ်အောင် လုပ်ခဲ့တယ်လို့ ထိုးနှက်သွားတဲ့ မီကာရစ်ချတ်

ဂျာမနီက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ဗိုလ်လုပွဲ အထိ ရောက်ရှိလာပြီး ၊ လာမယ့် တနင်္ဂနွေနေ့မှာ အင်္ဂလန်နဲ့ စပိန်တို့ ဖိုင်နယ်အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ် ။

၂၀၁၂ နောက်ပိုင်း ယူရို ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ် ပြန်လည် တက်လှမ်းလာတဲ့ စပိန်ဟာ ဒီတကြိမ်မှာလည်း အကောင်းဆုံး အသင်း အဖြစ်နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ၊ ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ကြယ်ပွင့်တွေ လက်ရှိ စပိန်မှာ အများအပြား ရှိနေပါတယ် ။

ချဲလ်ဆီးမှာ ထင်ထားသလောက် ခြေမပေါ်ခဲ့ပေမယ့် ၊ စပိန်မှာ အကောင်းဆုံး နောက်ခံလူ တဦး အဖြစ် စွမ်းဆောင်ပြနေတဲ့ မာ့ခ်ကူကူရယ်လာဟာ လူအများအပြားကို အံ့အားသင့်အောင် လုပ်ပြထားပါတယ် ။ မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်ကတော့ ချဲလ်ဆီးဟာ ၎င်းကို ဟာသ ကစားသမား အသွင်သို့ ရောက်စေခဲ့တယ်လို့ ဝေဖန်သွားပါတယ် ။

The Rest is Football Podcast မှာ ရစ်ချတ် က ” မာ့ခ်ကူကူရယ်လာဟာ ကြီးမားတဲ့ ဆွေးနွေးစရာ အချက် တချက်ပါပဲ ။ ဘရိုက်တန်မှာတုန်းက သူဟာ ကစားကွက် စနစ် တခုမှာ ရှိခဲ့ပြီး ၊ ၃ယောက်တန်း ကစားကွက်ရဲ့ ခံစစ်မှူး တဦး အနေနဲ့ ၊ သို့မဟုတ် ၊ အစွန်နောက်ခံလူ တဦး အနေနဲ့ ကစားနိုင်ခဲ့ပါတယ် ။ ”

” နောက်ပြီး သူဟာ တိုက်စစ်ကို အမြဲတမ်း လိုက်ပါတတ်ပါတယ် ။ အဲဒီတုန်းက သူဟာ တကယ်ကောင်းတဲ့ ကစားသမား တယောက်နဲ့ တူခဲ့ပါတယ် ။ ချဲလ်ဆီးကို သူ ပြောင်းသွားတော့ အဲဒီမှာ အသင်းက ဖွဲ့စည်းမှု ပျက်ပြားနေခဲ့တဲ့အတွက် ၊ သူဟာ ဟာသ ကစားသမား တယောက်လိုတောင် ဖြစ်လာခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ သူဟာ အကောင်းဆုံး အစွန်နောက်ခံလူ တယောက် အဖြစ် ရပ်တည်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာကလည်း မီကာရစ်ချတ်ရဲ့ မှတ်ချက် အပေါ် အခုလိုပဲ ထောက်ခံသွားပါတယ် ။

လိုင်နီကာ က ” ကလပ် အသင်းက အခြေအနေ မဟန်တဲ့အခါ ကစားသမားတွေလည်း ထိခိုက်နစ်နာမှု ရှိတယ် ဆိုတာ ဒီအခြင်းအရာက ပြသနေပါတယ် ။ ဒီလို အခြေအနေမျိုးတွေမှာ ခြေစွမ်းပြသနိုင်ဖို့က အမှန်တကယ် ခက်ခဲပါတယ် ။ သူဟာ ဒီပြိုင်ပွဲမှာ တကယ် စွမ်းဆောင်ရည် ကောင်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ကူကူရယ်လာဟာ ဒီပြိုင်ပွဲ ပြီးဆုံးတာနဲ့ ချဲလ်ဆီးသို့ အသစ်ရောက်ရှိလာတဲ့ အီတလီလူမျိုး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ အနာဂတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှိပါတယ် ။ မီဒီယာတွေပေါ်မှာတော့ ၎င်းဟာ ချဲလ်ဆီးရဲ့ ကစားသမား အရောင်းစာရင်းထဲမှာ ပါဝင်နေကာ ၊ ကမ်းလှမ်းမှုတွေ အတွက် လမ်းဖွင့်ပေးထားတယ်လို့ ဖော်ပြနေကြပါတယ် ။

ပြီးခဲ့တဲ့ အင်တာဗျူး တခုမှာ ကူကူရယ်လာကတော့ သူ ချဲလ်ဆီးမှာ ပျော်ရွှင်နေကြောင်းကို ” ခင်ဗျား တိုင်းတပါးဆီကို ထွက်ကစားတဲ့အခါ ဒါက ခက်ခဲပါတယ် ။ လူတွေဟာ စပိန်ဘောလုံးကို မြင်တွေ့ကြပါတယ် ။ သူတို့ဟာ ကိုယ်ငယ်ငယ်ကတည်းက အားပေးတဲ့ ကလပ်တွေကိုပဲ အာရုံစိုက်နေတာကြောင့် ၊ ခင်ဗျားရဲ့ အကြောင်း စောင့်ကြည့်မှု လျော့လာပါတယ် ။ ”

” ကျွန်တော်တို့ လုပ်နေတဲ့ အရာက အရမ်းကောင်းပါတယ် ။ ကျွန်တော်တို့ ဘောလုံး ကစားတာကို သဘောကျနှစ်သက်တဲ့ လူတွေ အများကြီး ရှိနေပါပြီ ။ အကယ်၍ ဒါက ရှေ့ဆက် အလုပ်ဖြစ်သေးတယ်ဆိုရင် ကျွန်တော်တို့ဟာ လာမယ့် ၂ပွဲမှာ ဒီယူရိုချန်ပီယံရှစ်ကို ကြီးကျယ်တဲ့ ပုံစံနဲ့ အဆုံးသတ်နိုင်ပါလိမ့်မယ် ။ ”

” လာလီဂါမှာ ကစားတာ ကောင်းပါတယ် ။ ဒါက ကျွန်တော့ရဲ့ နေအိမ် ဖြစ်ပြီး ၊ အင်္ဂလိပ်လို ပြောတာ ကျွန်တော် အချိန် အတော်ကြာ ရပ်ခဲ့ပါတယ် ။ တကယ်ပါ ။ ကျွန်တော် အင်္ဂလန်မှာ အရမ်းပျော်ပါတယ် ။ ဒါက ကျွန်တော့ မိသားစု အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံ တရပ် ဖြစ်ပါတယ် ။ ”

” လန်ဒန်မြို့ဟာ နှစ်အနည်းငယ်ကြာ နေထိုင်ရတာ ကြီးကျယ်တဲ့ မြို့တော်တခု ဖြစ်ပြီး ၊ လက်ရှိမှာ ကျွန်တော်ဟာ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာအပြောင်းအလဲမှ မစဉ်းစားထားပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော့ မိသားစုက အဲဒီမှာ အရမ်း ပျော်ရွှင်နေလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR