အင်္ဂလန်ကို ယူရို ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးမယ့် သွင်းဂိုး မတိုင်ခင် ကိုးလ်ပါလ်မာကို ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ ဝက်ကင်စ်

 

အင်္ဂလန်ဟာ မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲမှာ နယ်သာလန်ကို နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ လူစားဝင် တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ရဲ့ မှော်ဝင် သွင်းဂိုးနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ ၂ကြိမ်ဆက်တိုက် တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမတိုင်ခင် လူစားဝင် ကစားခွင့် တကြိမ်သာ ရခဲ့တဲ့ ဝက်ကင်စ် အတွက် ဒါဟာ ပထမဆုံး ယူရို သွင်းဂိုး ဖြစ်ကာ ၊ ဒါက အင်္ဂလန်ကို တိုင်းတပါးမြေမှာ ပထမဆုံး အကြိမ် ဗိုလ်လုပွဲ ကစားခွင့် ရသွားစေပါတယ် ။ ဝက်ကင်စ် အပြင် ဒီအနိုင်ရလဒ် အတွက် ချီးကျူးရမယ့် နောက်ထပ် အင်္ဂလန် ကြယ်ပွင့် တဦးက ၎င်းလိုပဲ လူစားဝင်လာတဲ့ ကိုးလ်ပါလ်မာပဲ ဖြစ်ပါတယ် ။

ပါလ်မာဟာ ဒီဂိုး အတွက် ဝက်ကင်စ်ကို ချိန်သားကိုက် ဘောလုံး ခင်းပေးနိုင်ခဲ့တာ ဖြစ်ပြီး ၊ ယင်းဗီလာတိုက်စစ်မှူးက ပြိုင်ဖက် ဂိုးသမား မထင်မှတ်တဲ့ အနေအထားကနေ လျှပ်တပြက် ကန်သွင်း အဆုံးသတ်ခဲ့ပါတယ် ။ ပွဲပြီး ITV Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဝက်ကင်စ်က ယင်းသွင်းဂိုး မတိုင်ခင် ပါလ်မာကို သူ ဘာပြောခဲ့လဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဝက်ကင်စ် က ” ကျွန်တော့ ဘဝရော ၊ ကျွန်တော့ ကလေးတွေရဲ့ ဘဝကိုပါ တိုင်တည်ပြီး ကျိန်ပြောရဲပါတယ် ။ ကျွန်တော် ကိုးလ်ပါလ်မာကို ‘ ငါတို့ ဒီနေ့ပွဲမှာ လူစားဝင်ခွင့် ရတဲ့အခါ မင်း ငါ့ကို ဖန်တီးပေးရမယ် ‘ လို့ ပြောခဲ့တာပါ ။ ဒါကြောင့် ကျွန်တော် သူနဲ့ အတူ ပျော်ရွှင် ကြည်နူးခဲ့တာပါ ။ ”

” ဘောလုံး ရတာနဲ့ သူ ကျွန်တော့ကို ခင်းပေးလိမ့်မယ် ဆိုတာ ကျွန်တော် သိခဲ့ပါတယ် ။ ခင်ဗျား အနေနဲ့ လောဘကြီးဖို့ လိုပြီး ၊ တချက်ထိန်းပြီးတာနဲ့ အဆုံးသတ်ရပါမယ် ။ ဂိုးပေါက်ရဲ့ အောက်ထောင့်ထဲ ဝင်သွားတာ မြင်လိုက်ရတာက အကောင်းတကာ့ အကောင်းဆုံး ခံစားချက်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဝက်ကင်စ် က ” မယုံနိုင်ဖွယ်ရာပါ ။ ကျွန်တော်ဟာ ဒီအခိုက်အတန့် အတွက် ရက်သတ္တပတ် များစွာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ် ။ ဒီနေ့ ကျွန်တော် ဒီလိုမျိုး နေရာကို ရောက်ရှိဖို့ ကြိုးစားအားထုတ်မှု များစွာ လုပ်ခဲ့ရပါတယ် ။ ”

” ရလာတဲ့ အခွင့်အရေးကို ကျွန်တော် ဆုပ်ကိုင်ပြီး အသုံးချနိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ် ။ ဝမ်းလည်း ဝမ်းသာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် သူ့အပေါ် ကစားခွင့် မည်မည်ရရ မပေးခဲ့တဲ့ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ကာ ဝက်ကင်စ်က အခုလို တုန့်ပြန်ခဲ့ပါတယ် ။

ဝက်ကင်စ် က ” ဒီမှာကြည့်ဗျာ ။ ဝေဖန်မှုတွေ အများကြီး ရှိထားပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်သွားပါပြီ ။ ဒါပဲ အဓိကကျတာပါ ။ အပြင်က ဆူညံသံတွေ အားလုံးကို မေ့လိုက်ပါ ။ ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

TOPSHOT – England’s players celebrate their second goal during the UEFA Euro 2024 semi-final football match between the Netherlands and England at the BVB Stadion in Dortmund on July 10, 2024. (Photo by Adrian DENNIS / AFP) (Photo by ADRIAN DENNIS/AFP via Getty Images)

အင်္ဂလန်ဟာ လာမယ့် စနေနေ့ည ဗိုလ်လုပွဲမှာ ဒီပြိုင်ပွဲ တလျှောက် ရာနှုန်းပြည့် အနိုင်ရထားပြီး ၊ အကောင်းဆုံး အသင်း အဖြစ် စွမ်းဆောင်ပြနေတဲ့ စပိန်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒီပွဲနဲ ပတ်သက်ပြီးလည်း ဝက်ကင်စ်က အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ဝက်ကင်စ် က ” ကျွန်တော်တို့မှာ ဂိုးပေးရပေမယ့် ၊ ပြန်လာတတ်တဲ့ အားသာချက် တရပ် ရှိနေပါတယ် ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ဟာ အရှိန်ရနေတဲ့ပုံ ပေါ်ပြီး ၊ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့တယ် ၊ နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တယ် ၊ အခု တပွဲပဲ ကျန်ပါတော့တယ် ။ တပွဲပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR