ယူရိုဖိုင်နယ်မှာ အင်္ဂလန်နဲ့ တွေ့ဆုံရမယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ စပိန်နည်းပြ

 

စပိန်နည်းပြ ဒီလာဖွန်တီက လာမည့် တနင်္ဂနွေနေ့ အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ဖိုင်နယ်ဟာ အရမ်းကို ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်ပေမယ့် သူ့ရဲ့ စပိန် အသင်းဟာ ဂျာမနီမှာ ပိုကောင်းတဲ့ ကစားပုံကို ပြသထားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ စပိန်ဟာ ဆီမီးမှာ ပြင်သစ်ကို အနိုင်ယူခဲ့သလို အင်္ဂလန်ကလည်း မနေ့ညက နယ်သာလန်ကို ဝက်ကင်းရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူကာ ဖိုင်နယ်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ အခုဆိုရင် နိုင်ငံရပ်ခြားမှာ ပထမဦးဆုံး အကြိမ် ဖိုင်နယ် တက်လာခဲ့တာ ဖြစ်ပြီး စပိန်ကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဓိက ဆုဖလားကို ရရှိမှာ ဖြစ်ပါတယ်။

အင်္ဂလန်တို့ နယ်သာလန်ကို အနိုင်ယူခဲ့ပြီးနောက် ဒီလာဖွန်တီက “ဒီနှစ်သင်းထဲက ဘယ်သူနဲ့ပဲ တွေ့တွေ့ အရမ်းကို ခက်ခဲမှာပါ။ ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ အရမ်းကို ကောင်းတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ အခုလည်း အရမ်းကောင်းတဲ့ အသင်းနဲ့ ကစားရတော့မှာပါ။ အခြား နည်းလမ်းလည်း မရှိပါဘူ။ ဖိုင်နယ်ကို အကောင်းဆုံး ၂ သင်းက တက်လာခဲ့တာပါ။

ကျနော်တို့ ညစာစားပြီး အင်္ဂလန် VS နယ်သာလန် ပွဲကို ကြည့်ခဲ့တာပါ။ အခုဆိုရင် စိတ်လက်ပေ့ါပါးစွာနဲ့ ပြိုင်ဘက်ကို Analysis လုပ်နေပါတယ်။ အခုဆိုရင် ကျနော်တို့ရဲ့ အလုပ်က အင်္ဂလန်ရဲ့ ကစားပုံကို ဒီထက် ပိုမို အသေးစိတ်ကျကျ လေ့လာဖို့ ဖြစ်ပါတယ်”

ဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ပိုပြီး ဆုံချင်ခဲ့သလဲဆိုတဲ့ မေးခွန်းကို စပိန် နည်းပြက “နှစ်သင်းစလုံးဟာ ကြီးကြယ်တဲ့ ၂ သင်းပါ။ ပြိုင်ပွဲမစတင်ခင်ကတည်းက သူတို့ဟာ ဗိုလ်စွဲရန် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ တအားကို powerful ဖြစ်ပြီး အတွေ့အကြုံရှိသလို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါဟာ တအားကို ခက်ခဲပြီး တောင်းဆိုမှု မြင့်မားတဲ့ ဖိုင်နယ်ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။