စပိန်ကို ရှုံးခဲ့တဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲမှ ပြင်သစ် စတား တဦးရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် အပေါ် ဝေဖန်သွားတဲ့ အလန်ရှီးယား

 

မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲမှာ နာမည်ကြီး ပြင်သစ်တို့ဟာ စပိန်ကို ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ကာ ၊ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီပွဲမှာ ပြင်သစ်တို့ဟာ ပွဲအစ ၈မိနစ်မှာ တိုက်စစ်မှူး ကိုလို မူအာနီရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ စပိန်ရဲ့ လှပတဲ့ ဂိုး၂ဂိုးကို ခွင့်ပြုခဲ့ရကာ ၊ ရှုံးနိမ့်ခဲ့ပါတယ် ။

ပြင်သစ်ဟာ ဒီပွဲမှာ နည်းစနစ် အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး ၊ အထောင်တိုက်စစ်မှာ သုံးနေကျ ကီလီယန် အမ်ဘတ်ပေကို ဘယ်တောင်ပံသို့ ပို့ခဲ့ကာ ၊ မူအာနီကို အထောင်ထားခဲ့ပြီး ၊ ညာတောင်ပံမှာ ပေါ်တူဂီနဲ့ ကွာတားဖိုင်နယ်ပွဲမှ Man of the Match ဆုရှင် အူစမန် ဒမ်ဘီလီကို အသုံးပြုခဲ့ပါတယ် ။

ဒမ်ဘီလီဟာ မနေ့ကပွဲမှာ အဖွင့်ဂိုး အတွက် ဖြတ်တင်ဘော ပို့ပေးမယ့် အမ်ဘတ်ပေထံ လမ်းကြောင်း ခင်းပေးခဲ့တာ မှန်ပေမယ့် ၊ ပွဲချိန် တော်တော်များများ ဘောလုံး ဖြုန်းတီးမှု များခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အခုလိုပဲ ဝေဖန်သွားပါတယ် ။

BBC Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ရှီးယား က ” ဒမ်ဘီလီဟာ တခြားသူတွေထက်စာရင် နေရာကောင်းတွေဆီ ရောက်တဲ့အခါ အခွင့်အရေး ဖြုန်းတီးတာ ပိုများတာကြောင့် ပိုပြီး အပြစ်ရှိပါတယ် ။ ခင်ဗျားဟာ နေရာယူ ကောင်းပေမယ့် ၊ ဘောလုံးဖြန့်ပုံ မတိကျတဲ့အခါ ဒါက အတော်လေး စိတ်ပျက်စရာပါပဲ ။ ”

 

” သူ့နေရာမျိုးမှာ ခင်ဗျား ရောက်တဲ့အခါ ခင်ဗျားဟာ ဒီထက် ပိုကောင်းတဲ့ ပံ့ပိုးမှုတွေ လုပ်ဖို့မျှော်မှန်းခြင်း ခံထားရမှာပါ ။ ပင်နယ်တီ ဧရိယာထဲမှာ အသင်းဖော်တွေ အများကြီး ရှိနေပေမယ့် ၊ သူ့ရဲ့ ဖြတ်တင်ဘောတွေက ပြိုင်ဖက် ဂိုးသမားဆီပဲ တန်းရောက်နေခဲ့ပါတယ် ။ ”

” ကျွန်တော်တောင် ဒီပွဲသုံးသပ်တဲ့ နေရာကနေ သူကစားတာကို ကြည့်ပြီး စိတ်ပျက် ဒေါသထွက်နေခဲ့တာပါ ။ ဒီတော့ ကွင်းထဲက ပြင်သစ် အသင်းသားတွေဆိုရင် ဘယ်လိုမျိုး ခံစားနေကြရမလဲ ဆိုတာ ခင်ဗျား တွေးကြည့်လို့ ရပါတယ် ။ ဒီနေ့ညပွဲမှာ သူ့ဆီက ခွန်အားတွေ ၊ အရည်အသွေးတွေ လုံးဝ ပျောက်ဆုံးနေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒမ့်စ်ချမ့်စ်ကတော့ ၎င်းတို့ဟာ စပိန်ထက် ပွဲပိုထိန်းချုပ်မှု အားနည်းခဲ့ကြောင်း ၊ အဆုံးသတ် သေချာမှု မရှိခဲ့ကြောင်း မှတ်ချက်ပြုသွားပါတယ် ။

ဒက်စ်ချမ့်စ် က ” ဒီနေ့ပွဲမှာ ကျွန်တော်တို့ အဖွင့်ဂိုး အရင်သွင်းနိုင်ခဲ့တာ ကောင်းပေမယ့် ၊ စပိန်ဟာ ပွဲကို ထိန်းချုပ် ကိုင်တွယ်တာ ပိုကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ ကစားပုံက ဒီလောက်ကြီး မကောင်းခဲ့ပါတယ် ။ လိုချင်တဲ့ အတိုင်းလည်း မကစားနိုင်ခဲ့ပါဘူး ။ ”

” သို့ပေမယ့် ပွဲပြီးဆုံးတဲ့အထိ ကျွန်တော်တို့ တွန်းအားပေးခဲ့ပါတယ် ။ ခင်ဗျားဟာ တတ်နိုင်သလောက် စိတ်တည်ငြိမ်အောင် ထားပြီး ၊ ပစ်မှတ်ရောက်အောင် အဆုံးသတ်နိုင်ဖို့ လိုပါတယ် ။ ဒါတွေ ကျွန်တော်တို့မှာ ပျောက်ဆုံးနေခဲ့ပါတယ် ။ ”

” ဘာပဲပြောပြော ကျွန်တော်တို့ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပြီး ၊ ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ် ။ ကိုလို ( မူအာနီ ) ကို ကျေးဇူးတင်ရမှာပါ ။ ဟုတ်ပါတယ် ။ အရင်ကလိုမျိုး ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့ရင် ပွဲရလဒ်က ဒီထက် ကောင်းနိုင်ခဲ့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR