အင်္ဂလန် VS နယ်သာလန် ပွဲစဉ်ကို ခန့်မှန်းမှု လုပ်လိုက်တဲ့ ရွိုင်ကိန်း

 

ရွိုင်ကိန်းဟာ ယနေ့ည အင်္ဂလန် VS နယ်သာလန် တို့ရဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရိုမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဆုဖလား ဆွတ်ခူးနိုင်ရန် နိုင်ပွဲ ၂ ပွဲသာ လိုပါတော့တယ်။

ဆောက်ဂိတ်ရဲ့ အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တဲ့ လမ်းကြောင်း တစ်လျှောက်မှာ ကံကောင်းထောက်မမှုတွေ ရှိခဲ့ပေမယ့်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံး ၄ သင်း အဆင့် တက်လာနိုင်ခဲ့တာကြောင့် ဆုဖလားကိုတော့ မှန်းလို့ ရနေပြီ ဖြစ်ပါတယ်။ နယ်သာလန် ကတော့ တစ်ပွဲပြီး တစ်ပွဲ ခြေစွမ်းကောင်းလာတဲ့ အသင်း ဖြစ်ပြီး ရိုမေးနီးယား တူရကီ တို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ် တက်လာခဲ့တာ ဖြစ်ပါတယ်။

ကိန်းကတော့ တူရကီ နဲ့ ပွဲစဉ်က နယ်သာလန်ရဲ့ ခြေစွမ်း အပေါ် သိပ်ပြီး အားမရ ဖြစ်နေပြီး အင်္ဂလန်တို့ ဒေ့ါမွန်မှာ အနိုင်ရကာ ဖိုင်နယ် တက်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိန်းက ဆောက်ဂိတ်နဲ့ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ စပိန်ကို အနိုင်ရဖို့ အတွက် ဆိုရင် ဒီထက် အများကြီး တိုးတက်လာဖို့ လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။

ကိန်းက “ကျနော်ကတော့ နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်တို့ အနိုင်ရမယ်လို့ အလေးပေးမိပါတယ်။ ကျနော်တို့ တူရကီ VS ဟော်လန် ပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ခြေစွမ်း အရ အင်္ဂလန်ဟာ ဟော်လန်ကို အနိုင်ရမှာပါ။ ဒါပေမယ့် စပိန်ရဲ့ ကစားပုံနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် အင်္ဂလန် အတွက် အနိုင်ရဖို့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ အတွက် အခက်အခဲကို ဖြတ်ကျော်ရမှာ ပါပဲ။

အင်္ဂလန်ဟာ လက်ရှိမှာတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မြင့်တက်နေမှာပါ။ ဆောက်ဂိတ် ကလည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ နိုင်ပွဲကနေ ပေးတဲ့ စိတ်ခံစားချက် ဖြစ်ပါတယ်။ အင်္ဂလန်ဟာ နေရာကောင်းမှာ ရှိနေပါတယ်။ အင်္ဂလန်ဟာ ပွဲကို ဆုံးဖြတ်နိုင်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ပွဲအတွင်းမှာ ရှိနေဖို့နဲ့ အချိန်ကောင်းမှာ နိုင်ပွဲ ရယူနိုင်ဖို့ပဲ လိုပါတယ်။

ဆွစ်ဇာလန်နဲ့ ပွဲစဉ်က ဆာကာရဲ့ ဂိုးကို ကြည့်ရင် တကယ့်ကို ကမ္ဘာ့အဆင့် ပါပဲ။ ပင်နယ်တီ အဆုံးအဖြတ်မှာ ဆိုရင်လည်း လူစားဝင် ကစားသမားတွေကို ဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။ အင်္ဂလန် ကစားသမားတွေဟာ ဒီအချိန်မှာ တက်ကြွနေကြမှာ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။