သွက်လက်လာတဲ့ အပြောင်းအရွှေ့တွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိုင်လီ နောက်ခံလူ လီနီယိုရို ကို ယူရို သန်း ၅၀ + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပြီး လိုင်လီ ဘက်က လက်ခံ ခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမယ့် ကစားသမား နဲ့ သဘောတူညီမှု မရရှိသေးဘဲ လီနီယိုရို ကတော့ ရီးရဲမက်ဒရစ် ကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတယ်လို့ သိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် ကိုတော့ ဘရိုက်တန် နည်းပြဟောင်း ဒီဇာဘီ ကိုင်တွယ်နေတဲ့ မာဆေး အသင်းက ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ကလပ် ၂ သင်း အကြား သဘောတူညီမှု ရရှိနေပြီလို့ ကြားသိရပါတယ် ။

ယူနိုက်တက် ဟာ အင်္ဂလန် နဲ့ ယူရို ပြိုင်ပွဲကို ဝင်နွှဲနေတဲ့ ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကိုလည်း ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။ ဘိုလော့ညာ တိုက်စစ်မှူး ဇက်ဇီ ကိုတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ ခေါ်ယူနိုင်မယ်လို့ ဖာဘရီဇီယို က ဖော်ပြသွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းကတော့ အခုနွေရာသီမှာ ကွင်းလယ်ကစားသမား တစ်ယောက်လောက် ခေါ်ယူဖို့ အစီအစဉ် ရှိနေပြီး ရီးရဲ ဆိုဆီဒက် ကစားသမား မီကယ် မာရီနို ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဟန်ဆီဖလစ် ဟာ ဘောလုံးသမား ဘဝကနေ အနားယူသွားတဲ့ စပိန်ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ နဲ့ တွေ့ဆုံပြီး ဘာစီလိုနာ နည်းပြအဖွဲ့ဝင် အဖြစ် လာရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ယူရို မှာ ဗိုလ်စွဲခဲ့မယ်ဆိုပါက “Sir” ဘွဲ့ နဲ့ သူကောင်းပြု မြှောက်စားခံရဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ် ။ အကယ်၍ ယူရိုမှာ ဗိုလ်မစွဲခဲ့ဘူးဆိုရင်တောင်မှ အခြား ဘွဲ့ထူး တစ်ခုခု နဲ့ ဂုဏ်ပြုခံရနိုင်ဖွယ် ရှိနေပါတယ် ။

 

ချဲလ်ဆီး အသင်းဟာ ဒေါ့မွန် ကြယ်ပွင့် အဒီယီမီ ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ် ။

 

နောက်ကျော ဒဏ်ရာကနေ သက်သာလာတဲ့ မီတိုမာ ကတော့ ဘရိုက်တန် အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ် နေပြီလို့ သိရှိရပါတယ် ။

 

SPORTS MYANMAR