ချဲလ်ဆီးကနေ ပြောင်းရွှေ့ဖို့ ကောလဟလ ထွက်နေခြင်း အပေါ် တုန့်ပြန်လာတဲ့ ကူကူရယ်လာ

 

ချဲလ်ဆီး အသင်းရဲ့ စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း ခြင်္သေ့ပြာတို့ရဲ့ အရောင်းစာရင်းထဲ ပါဝင်နိုင်တယ်လို့ ကောလဟလ တချို့ ထွက်ထားကာ ၊ ၎င်းအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ် ။

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်ကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ထားရာမှာ အဓိက အခန်းကဏ္ဍ တရပ်က ပါဝင်နေတဲ့ ကူကူရယ်လာဟာ ရာသီကြို ပြင်ဆင်မှု ကာလမှာ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ တွေ့ဆုံပြီး အနာဂတ် အတွက် အရင်ဆုံး ဆွေးနွေးရမှာ ဖြစ်ပါတယ် ။

သူ့ရဲ့ အပြောင်းအရွှေ့ ကောလဟလနဲ့ ပတ်သက်ပြီး ကူကူရယ်လာ က ” ခင်ဗျား တိုင်းတပါးဆီကို ထွက်ကစားတဲ့အခါ ဒါက ခက်ခဲပါတယ် ။ လူတွေဟာ စပိန်ဘောလုံးကို မြင်တွေ့ကြပါတယ် ။ သူတို့ဟာ ကိုယ်ငယ်ငယ်ကတည်းက အားပေးတဲ့ ကလပ်တွေကိုပဲ အာရုံစိုက်နေတာကြောင့် ၊ ခင်ဗျားရဲ့ အကြောင်း စောင့်ကြည့်မှု လျော့လာပါတယ် ။ ”

” ကျွန်တော်တို့ လုပ်နေတဲ့ အရာက အရမ်းကောင်းပါတယ် ။ ကျွန်တော်တို့ ဘောလုံး ကစားတာကို သဘောကျနှစ်သက်တဲ့ လူတွေ အများကြီး ရှိနေပါပြီ ။ အကယ်၍ ဒါက ရှေ့ဆက် အလုပ်ဖြစ်သေးတယ်ဆိုရင် ကျွန်တော်တို့ဟာ လာမယ့် ၂ပွဲမှာ ဒီယူရိုချန်ပီယံရှစ်ကို ကြီးကျယ်တဲ့ ပုံစံနဲ့ အဆုံးသတ်နိုင်ပါလိမ့်မယ် ။ ”

” လာလီဂါမှာ ကစားတာ ကောင်းပါတယ် ။ ဒါက ကျွန်တော့ရဲ့ နေအိမ် ဖြစ်ပြီး ၊ အင်္ဂလိပ်လို ပြောတာ ကျွန်တော် အချိန် အတော်ကြာ ရပ်ခဲ့ပါတယ် ။ တကယ်ပါ ။ ကျွန်တော် အင်္ဂလန်မှာ အရမ်းပျော်ပါတယ် ။ ဒါက ကျွန်တော့ မိသားစု အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံ တရပ် ဖြစ်ပါတယ် ။ ”

” လန်ဒန်မြို့ဟာ နှစ်အနည်းငယ်ကြာ နေထိုင်ရတာ ကြီးကျယ်တဲ့ မြို့တော်တခု ဖြစ်ပြီး ၊ လက်ရှိမှာ ကျွန်တော်ဟာ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာအပြောင်းအလဲမှ မစဉ်းစားထားပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော့ မိသားစုက အဲဒီမှာ အရမ်း ပျော်ရွှင်နေလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ စပိန်ဟာ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ဂျာမနီကို ၂ – ၁ ရလဒ်နဲ့ ဖြုတ်ချနိုင်ခဲ့ပေမယ့် ၊ ထိုပွဲမှာ အားထားရတဲ့ ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ယနေ့ည ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်ကို လွဲချော်ဖို့ ရှိပြီး ၊ ကူကူရယ်လာဟာ ညာနောက်ခံလူ နေရာကို ဝင်ကစားပေးနိုင်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ကူကူရယ်လာ က ” ကျွန်တော်ဟာ ကစားသမား ဘဝမှာ ဟိုနေရာ ဒီနေရာ နည်းနည်းပါးပါး စမ်းဆော့ဖူးပါတယ် ။ ဒါက ကျွန်တော့ကို ဘယ်လိုဘယ်ပုံ တုန့်ပြန်ရမလဲ ဆိုတာ အများကြီး အထောက်အကူ ပေးပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ တိုက်စစ်ထိ တက်ကစားထားရလို့ပါ ။ ”

” ကျွန်တော် ကစားတဲ့ နေရာက ဘယ်နောက်ခံလူ ဖြစ်ပေမယ့် ၊ ချဲလ်ဆီးမှာ အခြေအနေ အရပ်ရပ်ကြောင့် ကျွန်တော် ညာနောက်ခံလူ နေရာမှာလည်း ကစားခဲ့ရပါတယ် ။ ဒါပေမယ့် ဘယ်နေရာမှာပဲ ကစားရပါစေ ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ ။ ဘာလို့လဲဆိုတော့ အရေးပါတဲ့ အရာက အသင်း အနိုင်ရဖို့ အတွက် ဖြစ်လို့ပါ ။ ”

” ကျွန်တော်တို့ဟာ အသင်းဖော်တွေ အတွက် အရာရာ ပေးဆပ်ထားတဲ့ ကစားသမား အစုအဖွဲ့ တခု ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အခု အနေအထား အထိ ရောက်ရှိနေတဲ့ လျှို့ဝှက်ချက် တခုပါပဲ ။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ အစုအဖွဲ့ တခု ဖန်တီးထားနိုင်တယ်လို့ ထင်ပါတယ် ။ အတွေ့အကြုံရင့်တွေနဲ့ လူငယ် ကြယ်ပွင့်တွေကို မျှမျှတတ ပေါင်းစပ်ထားတာပါ ။ ”

” အဓိက သော့ချက်က မိသားစုလို ဖြစ်နေဖို့ပါ ။ ကျွန်တော်တို့ဟာ စူပါစတားတွေ မဟုတ်ကြပေမယ့် ၊ အသင်း တသင်း အနေနဲ့ဆို ကျွန်တော်တို့ ကောင်းကောင်း စွမ်းဆောင်ထားပြီး ၊ ဒီပုံစံအတိုင်း ဆက်ထိန်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR