ယူရိုမှာ သူ့ကို အံ့အားသင့်စေခဲ့တဲ့ အသင်းနဲ့ ပေါ်တူဂီနဲ့ပက်သက်ပြီး စိုးရိမ်ခဲ့မှုကို ထုတ်ဖော်လိုက်တဲ့ ဂျိုဆေးမော်ရင်ညို

 

ဂျိုဆေးမော်ရင်ညိုက စပိန်ဟာ ယူရို ၂၀၂၄ မှာ သူ့ကို အံ့အားသင့်စေခဲ့တဲ့ အသင်း ဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး သူဟာ ပေါ်တူဂီနဲ့ ပက်သက်ပြီး ပြိုင်ပွဲ မစတင်မီကတည်းက စိတ်ပူနေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ စပိန်ဟာ အီတလီ ခရိုအေးရှား အယ်ဘေးနီးယား တို့ပါတဲ့ အုပ်စုဘီမှာ ထိပ်ဆုံးနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့ပြီး ၁၆ သင်းအဆင့်မှာ ဂျော်ဂျီယာ ၊ ကွာတားမှာ အိမ်ရှင် ဂျာမနီ တို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ ကတော့ အုပ်စု F မှာ ထိပ်ဆုံးနေရာကနေ တက်လာခဲ့ပြီး ၁၆ သင်း အဆင့်မှာ ဆလိုဗေးနီယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားမှာတော့ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ မော်ရင်ညိုက ပေါ်တူဂီဟာ ယူရိုမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တယ်လို့ ဆိုခဲ့ပေမယ့်လည်း ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲမှာ ခရိုအေးရှားကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ခြင်းဟာ သတိပေးချက် ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

မော်ရင်ညိုက “ကျနော် တူရကီကို ကြည့်ရတာ အကြောင်းရှိပါတယ်။ ပရော်ဖက်ရှင်နယ် အမြင်နဲ့ ကြည့်ဖြစ်တာပါ။ တူရကီ တို့ အနိုင်ရတိုင်း ကျနော့် အတွက် ပြသနာ ပါပဲ။ ပေါ်တူဂီ တို့ အနိုင်ရတိုင်း ကျနော့် အတွက် ပျော်ရွှင်မှုပါပဲ။ ပေါ်တူဂီတို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုတဲ့ စိတ်ပျက်မှုတော့ အမြဲတမ်း ရှိပါတယ်။ ဒီအသင်းရဲ့ အလားအလာဟာ တအားကို မြင့်မားပါတယ်။

ပေါ်တူဂီ အင်္ဂလန် ပြင်သစ် တို့ဟာ ရေပန်းအစားဆုံးလို့ ခန့်မှန်းခဲ့တဲ့ ကျနော့်ရဲ့ ခန့်မှန်းချက်က သိပ်ပြီးတော့ အလွဲကြီး မဟုတ်ပါဘူး။ ၂ သင်းဟာ ဆီမီးဖိုင်နယ်မှာပါ။ စပိန် ကတော့ ကျနော့်ကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ ဒီအသင်းရဲ့ ပြောင်းလဲသွားတဲ့ ကစားဟန် အရ သူတို့ဟာ တကယ့်ကို အသင်းသစ် လိုပါပဲ။ ကျနော့် အတွက် ကတော့ ဒီအချိန်မှာ စပိန်ဟာ ကစားပုံ အကောင်းဆုံးလို့ ထင်ပါတယ်။ သူတို့ဟာ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားနေခဲ့ပါတယ်။

ပေါ်တူဂီ ကတော့ ကွာတား ရောက်ခဲ့ပေမယ့် ကစားပုံက မကောင်းခဲ့ပါဘူး။ ကျနော်တို့ ဒီထက် မျှော်လင့်ထားခဲ့တာပါ။ ကျနော် ပေါ်တူဂီ vs ခရိုအေးရှား ပွဲကို သွားကြည့်ခဲ့ပါတယ်။ ပွဲအပြီး ခံစားချက်က သိပ်ပြီး မကောင်းခဲ့ပါဘူး။ ပြိုင်ပွဲအတွင်းမှာ တိုးတက်လာမလားလို့ ယူဆခဲ့ပေမယ့်လည်း သိပ်ပြီးတော့ အားရစရာ မရှိပါဘူး။

ဒါဟာ ပေါ်တူဂီရဲ့ အဆုံးသတ် မဟုတ်သလို ဒီအသင်းဟာ တိုးတက်မှုလည်း သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ ဝါရင့် ၂ ဦးကလွဲပြီး လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ ဒီအသင်းဟာ အလားအလာ ရှိပါတယ်။ ကမ္ဘာ့ဖလားကလည်း သိပ်မကြာခင် ရောက်လာမှာပါ။”